စစ်အုပ်စုအတွက် ဆက်ကြေးကောက်၊ မိုက်ကြေးခွဲကာ ငွေရှာပေးနေတဲ့ မန္တလေး ကံကြီးကုန်းရပ်ကွက်က အုပ်ကြီးနဲ့ ပျူအဖွဲ့ အဖမ်းခံရ၊

စစ်အုပ်စုအတွက် ဆက်ကြေးကောက်၊ မိုက်ကြေးခွဲကာ ငွေရှာပေးနေတဲ့ မန္တလေး ကံကြီးကုန်းရပ်ကွက်က အုပ်ကြီးနဲ့ ပျူအဖွဲ့ အဖမ်းခံရ၊

MFP ၊ အောက်တိုဘာ - ၇

အာဏာသိမ်း စစ်အုပ်စုနှင့် ပူးပေါင်းကာ ဓားပြတိုက်၊ လုယက်၊ မိုက်ကြေးခွဲ၊ ဆက်ကြေး ကောက်တာတွေ လုပ်ဆောင်နေသလို ကျူးကျော် ရှင်းလင်းရာမှာ ရှေ့ဆုံးက ဦးဆောင်ပါဝင်နေတဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကံကြီးကုန်းရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မြင့်လွင်နဲ့ လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ကို စစ်အုပ်စုက မနေ့က ညပိုင်းမှာ ပြန်လည် ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၅)ရက် ညပိုင်းက ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်းရပ်ကွက်က စစ်ကောင်စီ သ္စစာခံ ရပ်ကွက် အုပ်ကြီး မြင့်လွင်နဲ့ စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ဖိုးတုတ် (ခ) တင်မျိုးဝင်းတို့ ဦးဆောင်တဲ့ ပျူအဖွဲ့ကို စစ်အုပ်စုက လာဖမ်းဆီးသွားတာ ဖြစ်ပြီး အချင်းချင်း အဝေမတည့်လို့ ဖမ်းဆီးတာလို့ သတင်းကြားကြောင်း နီးစပ်သူတွေက ဆိုပါတယ်။

“သူတို့အဖွဲ့က စစ်အာဏာသိမ်းပြီး ကတည်းက ရပ်ကွက်ထဲမှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာကို မနှစ်ကတည်းက လုပ်ဆောင်နေကြတာ၊ ရိုက်နှက် နှိပ်စက်တာလည်း လုပ်တယ်၊ ဒါပေမယ့် သူတို့ချင်းလည်း မတည့်ကြဘူးလို့ ကြားတယ်၊ အကျိုးစီးပွါးရှိလို့ လက်တွဲ နေကြတာပေါ့၊ အခု အဖမ်းခံရတာတော့ ဘာကြောင့်ဆိုတာ မသိရသေးဘူး “ လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

ကံကြီးကုန်းရပ်ကွက် အုပ်ကြီးနဲ့ ပျူအဖွဲ့ဟာ စစ်အုပ်စု အောက်ဆွဲအဖြစ် လုပ်ကိုင်နေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ ဓားပြတိုက် လုယက်တာ၊ စစ်အုပ်စုအတွက် ဆက်ကြေးကောက်ပေးတာ၊ စစ်အုပ်စုက ပေးထားတဲ့ လက်နက်နဲ့ ပြည်သူကို မိုက်ကြေးခွဲ ငွေရှာပေးတာတွေ လုပ်နေသလို ခရိုနီကုမ္ပဏီတွေနဲ့ ပေါင်းကာ ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက်အဖြစ် ဖွဲ့စည်းထားတဲ့ ကံကြီးကုန်း၊ ဇီးအုပ်ကွက်သစ် ရပ်ကွက်တွေထဲက နေအိမ်တွေကို ကျူးကျော်ဆိုပြီး ဝင်ရောက်ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ ပြည်ကြီးတံခွန် သပိတ်အင်အားစုက ဖော်ပြထားပါတယ်။

စစ်အုပ်စုအတွက် လူမိုက်လုပ်ပြီး ဆက်ကြေးကောက် ငွေရှာပေးနေပေမယ့် စစ်အုပ်စုရဲ့ ပြန်လည် ဖမ်းဆီးတာ ခံခဲ့ရတဲ့ မန္တလေးမြို့ ကံကြီးကုန်းရပ်ကွက်က စစ်ကောင်စီ သ္စစာခံ ရပ်ကွက်အုပ်ချုပ်ရေးဒမှူး မြင့်လွင်နဲ့ ပျူခေါင်းဆောင် ဖိုးတုတ်/Photo - ပေးပို့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကံကြီးကုန်း #ဇီးအုပ် #အုပ်ချုပ်ရေးမှူး #ပျူစောထီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ