မြင်းခြံ ပျော်ဘွယ်ရွာမှာ လက်နက်တွေ ဆုံးရှုံးပြီးနောက် စစ်အုပ်စုက စကစခန့် အုပ်ကြီး အပါအဝင် ရွာခံ(၂၀)ခန့်ကို ဖမ်းဆီး၊ အမျိုးသမီးငယ်တွေပါ မကျန် တစ်ရွာလုံးကို ရိုက်နှက်ညှဉ်းပန်းပြီး နေအိမ်တချို့ကို မီးရှို့၊ ချိတ်ပိတ်၊

မြင်းခြံ ပျော်ဘွယ်ရွာမှာ လက်နက်တွေ ဆုံးရှုံးပြီးနောက် စစ်အုပ်စုက စကစခန့် အုပ်ကြီး အပါအဝင် ရွာခံ(၂၀)ခန့်ကို ဖမ်းဆီး၊ အမျိုးသမီးငယ်တွေပါ မကျန် တစ်ရွာလုံးကို ရိုက်နှက်ညှဉ်းပန်းပြီး နေအိမ်တချို့ကို မီးရှို့၊ ချိတ်ပိတ်၊

MFP ၊ အောက်တိုဘာ - ၆

မန္တလေးတိုင်း မြင်းခြံနယ် ပျော်ဘွယ်စံပြရွာထဲ PDF တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ပြီး သေနတ် ခုနှစ်လက် သိမ်ယူသွားခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်လို့ စစ်အုပ်စုက ရွာခံတွေကို အပြစ်ဖို့ကာ စကစ သစ္စာခံ အုပ်ကြီးနဲ့ ဒေသခံ(၂၀) ခန့်ကို ဖမ်းဆီးထားပြီး ဘယ်ကို ပို့ဆောင်မှန်း မသိရဘဲ အဆက်အသွယ် ပြတ်နေတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

မြင်းခြံနယ်ထဲ စစ်အုပ်စုနဲ့ ပူးပေါင်းကာ ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ ပျော်ဘွယ်စံပြရွာ အုပ်ကြီးနဲ့ နောက်လိုက် စစ်အုပ်စုကို ရှင်းလင်းသုတ်သင်ဖို့ စက်တင်ဘာ(၂၉)ရက်မှာ နွားထိုးကြီး Natogyi People Defence Fprce – NPDF နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ကျေးရွာထဲ စီးနင်းဝင်ရောက် တိုက်ခိုက်ချိန် အုပ်ကြီးနဲ့ စကစတွေ လက်နက်ချ ထွက်ပြေးသွားတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ် ခုနှစ်လက် သိမ်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုက လက်နက်တွေ ဆုံးရှုံးခဲ့ရမှုအပေါ် ပျော်ဘွယ်ရွာက ပြန်လျော်ပေးဖို့ အကျပ်ကိုင်နေသလို တစ်ရွာလုံးက ကလေး၊လူကြီး၊ အမျိုးသား၊ အမျိုးသမီး အားလုံးကို ထင်တိုင်းကျဲ ရိုက်နှက် ညှဉ်းပန်းနေပြီး စစ်ကောင်စီ သစ္စာခံ ကျေးရွာအုပ်ကြီးနှင့် ဒေသခံ (၂၀)ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပျော်ဘွယ်ရွာ အုပ်ကြီးအပါအဝင် စစ်အုပ်စုက ဖမ်းသွားတဲ့ ဒေသခံတွေနဲ့ အဆက်အသွယ်ရဖို့ မိသားစုဝင်တွေက စစ်တပ်နဲ့ ရဲစခန်းတွေမှာ လိုက်လံစုံစမ်းပေမယ့် ဘယ်နေရာကို ရောက်နေတယ်ဆိုတာ မသိရသေးဘူးလို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

”ပျော်ဘွယ်၊စံပြအုပ်စု စာသင်ကျောင်းအတွင်း ဖမ်းဆီး စစ်ဆေး ခံခဲ့ရသူများထဲမှာ အမျိုးသမီး၊ အသက် မပြည့်သူများပါ ပါဝင်ခဲ့ပြီး အမျိုးသမီး၊ အသက်မပြည့်သူများပါ အပြင်းထန် ရိုက်နှက် စစ်ဆေးခံခဲ့ရပြီး အမျိုးသမီးများမှာ ပက်လက်လှန် မအိပ်နိုင်အောင်ပင် တင်ပါး၊ ကျောများမှာ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပါတယ်။ တက်တူးထိုးထားသူ တစ်ဦးကိုလည်း တက်တူးထိုးထာသည့ ်နေရာကို ဓားနဲ့ လှီးခြစ်တာ ၊မီးစနဲ့ထိုးတာတွေ လုပ်ခဲ့ပါတယ်။ နှိပ်စက်ခဲ့တဲ့ စခတပ်က တပ်မ (၃၃)ကလို့ ပြောဆိုခဲ့ကြပါတယ် “ လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဆိုပါတယ်။

ပျော်ဘွယ်ရွာ ဒေသခံတွေထဲက နွေဦးတော်လှန်ရေး ဆိုတဲ့စာသား တက်တူးထိုးထားသူ တစ်ဦးကို စစ်အုပ်စုက ညှဉ်းပန်း သတ်-ဖြတ်လိုက်တယ်လို့ မြင်းခြံ လူထု လှုပ်ရှားမှု ကော်မတီက ဆိုပါတယ်။ သေဆုံးသူနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မဖော်ပြထားပါဘူး။

ဒါ့အပြင် အောက်တိုဘာ (၅) ရက် ညပိုင်းမှာ စစ်အုပ်စုက ပျော်ဘွယ်ရွာထဲက လက်ဖက်ရည်ဆိုင်နဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အုပ်ကြီးနဲ့ ဆွေမျိုးသားချင်းတွေ အပါအဝင် နေအိမ် (၁၁) လုံးကို ချိတ်ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်တွေ သိမ်းယူခံရတဲ့ စက်တင်ဘာ (၂၉)ရက်ကတည်းက စစ်အုပ်စုက ပျော်ဘွယ်ရွာထဲ စီးနင်း ပိတ်ဆို့ထားကာ ထင်တိုင်းကျဲ လုယက် သောင်းကျန်း အကြမ်းဖက်နေတာ ဖြစ်ပြီး ပျော်ဘွယ်ရွာက ဒေသခံတွေ အားလုံးကို ဖမ်းဆီး ညှဉ်းပန်း စစ်ဆေးတာတွေ စိတ်ထင်တိုင်း လုပ်ဆောင်နေသလို ကျေးရွာထဲ ရှိသမျှ ဖုန်းတွေကို သိမ်းယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

PDF တွေ သိမ်းယူသွားတဲ့ သေနတ် ခုနှစ်လက်ဖိုး ပျော်ဘွယ်ရွာက ကျခံ စိုက်လျော်ပေးဖို့နဲ့ မလျော်ပေးရင် ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်ကာ ထင်တိုင်းကျဲ သောင်းကျန်းနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

စက်တင်ဘာ(၂၉)ရက် မတိုင်ခင် လွန်ခဲ့တဲ့ သုံးလကျော်ကလည်း လက်နက်ကိုင်ပြီး ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ ပျော်ဘွယ်ရွာ အုပ်ကြီးနဲ့ နောက်လိုက် စစ်အုပ်စုကို ရှင်းလင်းသုတ်သင်ဖို့ PDF တွေ ကျေးရွာအတွင်း စီးနင်းဝင်ရာက် တိုက်ခိုက်ချိန်ကတည်း အုပ်ကြီးနဲ့ဘ စကစတွေ လက်နက်ချကာ ထွက်ပြေးသွားလို့ စကစတစ်ယောက်ရဲ့ အလောင်းနဲ့ သေနတ် နှစ်လက် သိမ်းဆည်းနိုင်ခဲ့သေးတယ်လို့ နွားထိုးကြီး NPDF က ပြောပါတယ်။

ပျော်ဘွယ်စံပြ ကျေးရွာဟာ မြင်းခြံ-နွားထိုးကြီး လမ်းပေါ်မှာ ရှိပြီး အိမ်ခြေ (၃၀၀) ကျော်၊ လူဦးရေ (၁၅၀၀) ဝန်းကျင် နေထိုင်တဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။

မြင်းခြံ ပျော်ဘွယ်ရွာနှင့် ပျော်ဘွယ်ရွာထဲက သိမ်းယူနိုင်ခဲ့တဲ့ လက်နက်တွေ/Photo – CJ

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ပျော်ဘွယ် #NPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ