ကျောက်ဆည်နယ်က အမျိုးသမီးကို ဖမ်းဆီး သတ်-ဖြတ်ပြီးနောက် ရွာအုပ်ချုပ်ရေးမှူး အပါ သုံးဦးကို စစ်အုပ်စုက ဆက်လက် ဖမ်းဆီး၊ ဓာပြတိုက်၊ ဆက်ကြေးကောက်ပြီး စကစအတွက် ငွေရှာပေးနေသူ ထောင်ထွက် မြတ်ထွန်း ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက ကျောက်ဆည်နယ်ထဲ သောင်းကျန်း သတ်-ဖြတ် ဖမ်

ကျောက်ဆည်နယ်က အမျိုးသမီးကို ဖမ်းဆီး သတ်-ဖြတ်ပြီးနောက် ရွာအုပ်ချုပ်ရေးမှူး အပါ သုံးဦးကို စစ်အုပ်စုက ဆက်လက် ဖမ်းဆီး၊ ဓာပြတိုက်၊ ဆက်ကြေးကောက်ပြီး စကစအတွက် ငွေရှာပေးနေသူ ထောင်ထွက် မြတ်ထွန်း ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက ကျောက်ဆည်နယ်ထဲ သောင်းကျန်း သတ်-ဖြတ် ဖမ်

MFP ၊ အောက်တိုဘာ - ၆

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် အနောက်ခြမ်း တံတားဦးကုန်းရွာက ဒေသခံ အမျိုးသမီးတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီး သတ်-ဖြတ်ခဲ့ပြီးနောက် မနေ့က မနက်ပိုင်းမှာ အနီးအနား ကျေးရွာက အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား သုံးဦးကို စစ်အုပ်စုက ဆက်လက် ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၅)ရက် မနက်ပိုင်းမှာ စစ်အုပ်စုက ကျောက်ဆည်မြို့နယ်၊ ရန်ဘက်လိုရေပြစ်ရွာထဲ စစ်ကားငါးစီးနဲ့ လာရောက်ကာ ဝင်မွှေ သောင်းကျန်းပြီး ကိုကျော်မင်းလွင် ဆိုသူကို ပစ်ခတ် ဖမ်းဆီးပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ကိုမောင်အေး ဆိုသူတို့ကို PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“ကားငါးစီးဖြင့် ကိုကျော်မင်းလွင်ရဲ့ အိမ်ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ဖမ်းရာ ပုခုံးမှာ သေနတ်ဒဏ်ရာ ရရှိပြီး ဇနီးဖြစ်သူနှင့် အတူ မျက်နှာအဝတ်စီး ဖမ်းခံရပါတယ်။ ၎င်းတို့၏ တောတွင်လည်း ဝင်ရောက်ကာ တဲတစ်လုံးအား မီးရှိူ့သွားပါတယ်။ ရွာမှအထွက်တွင် ဇနီးအား ပြန်လွှတ်ပေးခဲ့ပြီး နေ့လယ်ပိုင်းတွင် ရွာအုပ်ချုပ်ရေးမှူးနှင့် ကိုမောင်အေး ဆိုသူတို့အား ထပ်မံ ဖမ်းဆီးသွားပါတယ်။ ဘယ်မှာ ဖမ်းထားသည်ဆိုတာ မသိရသေးပါ။ ကိုကျော်မျိုးလွင် အိမ်မှ လက်နက်များ မိသည်ဟု စစ်အုပ်စုက သတင်းလွှင့်ထားပါတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ကျောက်ဆည်မြို့နယ်၊ ရန်ဘက်လိုရေပြစ်ရွာ အပြင်ဘက်က လယ်ယာတဲတွေထဲ မီးရှို့ဖျက်ဆီးပြီး ကျေးရွာထဲ ဆက်လက် စီးနင်းဝင်မွှေ သောင်းကျန်းကာ သေနတ်ပစ်ဖောက်နေလို့ ဒေသခံ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၃)ရက် ညပိုင်းကလည်း ကျောက်ဆည်မြို့နယ် အနောက်ခြမ်း၊ တံတားဦးကုန်းရွာနေ အသက်(၅၀)အရွယ် NLD ပါတီဝင် ဒေါ်သိန်းဌေး ဆိုသူကို PDF နှင့် အဆက်အသွယ် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကားသုံးစီးနဲ့ လာရောက်ဖမ်းဆီးသွားပြီး ညတွင်းချင်း ညှဉ်းပန်း သတ်-ဖြတ်ကာ အလောင်းကို လမ်းဘေး စွန့်ပစ်ထားခဲ့ပါတယ်။

ကျောက်ဆည်မြို့နယ် အနောက်ခြမ်းက ရွာတွေထဲ စစ်အုပ်စုက အခုလို အငြိုးထားပြီး သောင်းကျန်း သတ်-ဖြတ် နေတာဟာ ကျောက်ဆည်နယ် အနောက်ခြမ်းမှာ ဓားပြတိုက်၊ လုယက် ဆက်ကြေးကောက်ပြီး စစ်အုပ်စုအတွက် ငွေရှာပေးနေတဲ့ ထောင်ထွက် လူမိုက် မြတ်ထွန်းဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နှင့် သက်ဆိုင်မယ်လို့ ယူဆကြောင်း ဒေသခံတွေက သုံးသပ်ပါတယ်။

ကျောက်ဆည်နယ် သံချပ်ကုန်းရွာက ထောင်ထွက်လူမိုက် မြတ်ထွန်းဆိုသူ အောက်တိုဘာ(၂)ရက်က သေနတ်ပစ်ခတ် ခံရပြီးနောက် စစ်အုပ်စုက အခုလို ပြည်သူတွေကို ရန်ပြု သောင်းကျန်းနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

မြတ်ထွန်းဟာ အသက် မသေသေးဘဲ မန္တလေး နန်းတွင်းက စစ်ဆေးရုံမှာ ကုသနေတယ်လို့ သတင်း ကြားရကြောင်းနှင့် မြတ်ထွန်းဟာ လူသတ်မှုနဲ့ ထောင်ကျနေပေမယ့် ဓားပြတိုက်၊ လုယက် ဆက်ကြေးကောက်ပြီး ငွေရှာပေးဖို့ စစ်အုပ်စုက ထောင်ထဲက ပြန်ထုတ်ထားသူ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောက်ဆည် #အမျိုးသမီး #အနောက်ခြမ်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ