ကျောက်ဆည်မြို့က အမျိုးသမီးတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီး သတ်-ဖြတ်ကာ အလောင်းကို လမ်းဘေး စွန့်ပစ်၊

ကျောက်ဆည်မြို့က အမျိုးသမီးတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီး သတ်-ဖြတ်ကာ အလောင်းကို လမ်းဘေး စွန့်ပစ်၊

MFP ၊ အောက်တိုဘာ - ၅

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ တံတားဦးကုန်းရွာနေ အသက်(၅၀)အရွယ် အမျိုးသမီးတစ်ဦးကို PDF နှင့် အဆက်အသွယ် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက အောက်တိုဘာ(၃)ရက် ညပိုင်းမှာ လာရောက် ဖမ်းဆီးသွားပြီး ညှဉ်းပန်း သတ်-ဖြတ်ကာ အလောင်းကို လမ်းဘေး စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကျောက်ဆည်မြို့နယ်၊ တံတားဦးကုန်းရွာနေ NLD ပါတီဝင် အသက်(၅၀)အရွယ် မသိန်းဌေး ဆိုသူကို အောက်တိုဘာ(၃)ရက် ညပိုင်းမှာ စစ်အုပ်စုက ကားသုံးစီးနဲ့ နေအိမ်ထိ လာရောက်ဖမ်းဆီးသွားပြီး နောက်တစ်နေ့ မနက်ပိုင်းမှာ အလောင်းလာယူဖို့ အကြောင်းကြားတာလို့ ဆိုပါတယ်။

"ရင်ခွဲရုံက ရွာဥက္ကဌကို လှမ်းပြောတာ။ အလောင်းလာယူပါပေါ့။ အလောင်းက တကိုယ်လုံး ပတ်တီးတွေ စည်းပေးထားတာ။ မျက်နှာလေးပဲ ဖော်ထားတာ။ မျက်နှာကလည်း ညိုမဲပုတ်‌နေတာ။ ခန္ဓာကိုယ်ကလည်း ရောင်ကိုင်းနေတာပဲ" လို့ နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်လော်ဘီတွေရဲ့ အဆိုအရ ဒေါ်သိန်းဌေး ရဲ့ အလောင်းကို ကျောက်ဆည်မြို့ အနောက်သာဂရ မှာ လမ်းဘေးစွန့်ပစ်ထားတာ တွေ့ရှိပြီး လူမှုကူညီရေး အသင်းကားနဲ့ ကျောက်ဆည် ဆေးရုံ ရင်ခွဲရုံကို ပို့လိုက်တာလို့ သတင်းဖြန့်ပါတယ်။

ဒေါ်သိန်းဌေးကို စစ်အုပ်စုက ဖမ်းဆီး ညှဉ်းပန်း သတ်-ဖြတ်မှုဟာ ကျောက်ဆည်မြို့နယ် သံချပ်ကုန်းရွာနေ စစ်ကောင်စီ လက်ပါးစေ ထောင်ထွက် ဒ-လန်လူမိုက် မြတ်ထွန်း ဆိုသူ သေနတ်ပစ်ခံရမှုနှင့် ဆက်စပ်နိုင်ပြီး ထောင်ထွက်ဒလန် မြတ်ထွန်းအတွက် လက်တုန့်ပြန်တဲ့အနေနဲ့ စစ်အုပ်စုက NLD ပါတီဝင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး ညှဉ်းပန်း သတ်-ဖြတ်ပြတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

“မြတ်ထွန်းဆိုတာ လူသတ်မှု‌တွေနဲ့ ထောင်ကျ‌နေတာ။ ဘယ်တုန်းက လွတ်ပြီး ပေါ်လာတယ် မသိပါဘူး။ အခုတော့ သူက စစ်ကောင်စီ သတင်းပေးလုပ်တယ်။ ပိုက်ဆံ ချမ်းသာသူတွေက မြတ်ထွန်းကို လူမိုက်ငှား အကြွေးတောင်းခိုင်းတော့ သူက စစ်တပ်ခေါ်ပြီး ကြွေးတောင်းတယ်။ မပေးရင် ရှိတာ ယူသွားတယ်။ ဟိုနေ့ကလည်း ကြွေးတောင်းတာ မပေးလို့ဆိုပြီး စစ်ကားပေါ် နွားတွေ တင်သွားတာ။ ရွာတွေက မခံနိုင်တော့ဘူး" လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါသည်။

စစ်အုပ်စုက မြတ်ထွန်းကို ထောင်က လွှတ်ပေးပြီး ဒလန်သတင်းပေး အဖြစ်သာမက လောင်းကစားဝိုင်းတွေမှာ ဆက်ကြေးကောက်ဖို့အတွက်လည်း အသုံးချနေကြောင်း၊ ကျောက်ဆည်နယ်က စိုက်ပျိုးရေး ဆေးဆိုင်တွေကလည်း ဆေးဖိုးအကြွေးကျန်တွေ တောင်းပေးဖို့ မြတ်ထွန်းနှင့် စစ်တပ်ကို ငွေပေး ခိုင်းစေတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလကလည်း စစ်အုပ်စုဟာ ကျောက်ဆည်မြို့က ဒေသခံတွေကို ဖမ်းဆီး သတ်-ဖြတ်ပြီး အလောင်းတွေ လမ်းဘေးစွန့်ပစ်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောက်ဆည် #အမျိုးသမီး #NLD 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ