MFP၊ အောက်တိုဘာ - ၃
မန္တလေးတိုင်း သပိတ်ကျင်းမြိုနယ် ကြာညှပ်တိုက်နယ်နှင့် တကောင်းမြို့ကြား တောတောင်ယာခင်းတွေမှာ နေထိုင်သူတွေကို နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက နှင်ထုတ်နေတယ်လို သပိတ်ကျင်းတော် လှန်ရေးအင်အားစု - TR Team က ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ(၃)ရက် မနက်ပိုင်းက စတင်ပြီး သပိတ်ကျင်း အခြေစိုက် (၁၃)တပ် ခေါ် အမှတ်(၁၃) တန်းမြင့်လေ့ကျင်ရေး သင်တန်းကျောင်းက စကစ အင်အား (၁၀၀)ကျော်နဲ့ သုံးဖွဲ့ခွဲကာ ကြာညှပ်နှင့် တကောင်းကြားက တောတောင်ယာခင်းတွေထဲ ဝင်မွှေကာ ပုတီးဖြူ၊ မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပံကုန်း၊ ရေယာဉ် စတဲ့ ကျေးရွာတွေက ယာခင်းထဲနေတဲ့ ဒေသခံတွေကို တောကနှင်ထုတ်ပြီး ရွာပြန်ခိုင်းနေတာလို ဆိုပါတယ်။
"ဒီနေ့ အပြီး ပြောင်းခိုင်းတာ။ ရွာထဲမှာ အိမ်ရှိတဲ့သူတွေက အိမ်ပြန်ရွှေ့ကြပြီး အိမ်မရှိ သူတွေက သူများ အိမ်တွေမှာ ခိုကပ် နေကြရတယ်ဗျ။ ကျွဲ၊ နွား တိရိစ္ဆာန်ပါ မကျန် အကုန်ပြောင်းရတာ။ ရွာပေါင်း ငါးရွာ ခြောက်ရွာလောက် ရှိမယ်"လို သပိတ်ကျင်းနယ် ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ(၁)ရက်က ကြာညှပ်တိုက်နယ်က ပျူစောထီး လင်းမယား သုတ်သင်ရှင်းလင်းခံရသလို ပုတီးဖြူရွာအနီး ကြာညှပ် ပ.က.ဖ က မိုင်းဆွဲတိုက်ခိုက်လို့ စကစ ငါးယောက် သေပြီးနောက် စစ်အုပ်စုက အခုလို နယ်မြေရှင်းလင်းမယ်ဆိုပြီး ဒေသခံတွေကို တောတောင်ယာခင်းတွေထဲက နှင်ထုတ်နေတာလို့ သပိတ်ကျင်း TR Team က ဆိုပါတယ်။
"တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး နယ်မြေရှင်းလင်းရေး လုပ်မယ်လို့ သိရတယ်" လို့ သပိတ်ကျင်း TR Team ရဲဘော် တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပျူလင်မယား ရှင်းလင်းခံရတာ အပါအဝင် ပုတီးဖြူရွာအနီး မိုင်းဆွဲ တိုက်ခိုက်ခံရမှုမှာ အထိနာခဲ့တဲ့ စစ်အုပ်စုက ဒေသခံ ပြည်သူ (၃၀)ကျော်ကို ဖမ်းဆီး ညှဉ်းပန်း ငွေညှစ်နေတယ်လို့ သပိတ်ကျင်း TR Team က ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းကလည်း ရွှေတူးဖော်ရေး ကုမ္ပဏီက ငွေပေးခိုင်းစေလို့ ပြည်သူကို ရန်ပြု ခြိမ်းခြောက်ဖို့ ချောင်းကြီးရွာဘက် ကားနဲ့ လာတဲ့ သပိတ်ကျင်း (၁၃)တပ် ခေါ် အမှတ်(၁၃) တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းက လှုပ်ရှားစစ်ကြောင်းမှူး ဗိူလ်မှူး အပါအဝင် စကစ သုံးယောက်ကို သပိတ်ကျင်း ဗိုလ်လင်းယုန် အဖွဲ့က သုတ်သင် ရှင်းလင်းခဲ့ပါသေးတယ်။
သပိတ်ကျင်းမြိုနယ် ကြာညှ့်တိုက်နယ်က ဒေသခံပြည်သူတွေ အနေနဲ့ စစ်အုပ်စုရဲ့ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ၊ ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်တာတွေ အပါအဝင် ငွေညှစ်ပစ္စည်းလုတာတွေ မခံကြရစေဖို့ သတိထား သွားလာ ရှောင်ရှားကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ်ကျင်း #တကောင်း #ကြာညှပ်
သပိတ်ကျင်းနယ် ကြာညှပ်နှင့် တကောင်းကြား တောင်ယာထဲ နေသူတွေကို စစ်အုပ်စုက နှင်ထုတ်နေ၊ စစ်အုပ်စု ရန်ကြောင့် ဒေသခံပြည်သူ (၃၀၀)ခန့် ဘေးလွတ်ရာ ပြေးနေရ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024