ညောင်ဦးက ကြံ့ခိုင်ရေးပါတီ အမတ်လောင်းဟောင်းကို ပြောက်ကျားတပ်ဖွဲ့တွေက ပစ်ခတ် ရှင်းလင်း၊

ညောင်ဦးက ကြံ့ခိုင်ရေးပါတီ အမတ်လောင်းဟောင်းကို ပြောက်ကျားတပ်ဖွဲ့တွေက ပစ်ခတ် ရှင်းလင်း၊

MFP ၊ စက်တင်ဘာ - ၃၀

မန္တလေးတိုင်း ညောင်ဦးမြို့နယ် စဉ့်ကူမြို့မှာ နေတဲ့ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းဟောင်း အောင်မင်းထိုက်ကို ပြောက်ကျားတပ်ဖွဲ့ သုံးဖွဲ့ ပူးပေါင်းပြီး ကျည်လေးတောင့်နဲ့ မနေ့က ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ မြင်းခြံ ထနောင်းမြေ ပြောက်ကျားတပ်က သတင်း ထုတ်ပြန်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ညောင်ဦးမြို့နယ် အမှတ်(၁) တိုင်းလွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ အောင်မင်းထိုက်ဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်အုပ်စုနဲ့ ပေါင်းကာ ဒေသခံ ပြည်သူတွေကို အနိုင်ကျင့်ရန်ပြုတာ၊ ဖမ်းဆီးခိုင်းတာ၊ စစ်အုပ်စုအတွက် ငွေရှာပေးနေတာတွေ လုပ်နေတာကြောင့် ရှင်းလင်းလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“သူက အရင်ကတည်းက ကြံ့ခိုင်ရေး ပါတီဝင်ဆိုတော့ စစ်တပ်နဲ့ နီးစပ်မှု ရှိနေတာပေါ့။ ဒီကာလတွေမှာ ပြည်သူတွေ ဖမ်းဆီးခံရတာ သူ့ကြောင့်လို့ အများစုက ယူဆကြတယ်။ သူက နေရာရချင်နေတဲ့သူလေ“ လို့ ညောင်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ပစ်ခတ် ရှင်းလင်းမှုကို မြင်းခြံ MGN ထနောင်းမြေ ပြောက်ကျားတပ်ဖွဲ့၊ ပုဂံပြည်ဘီလူးတပ်(PDF)နှင့် People’s Spirit Force တို့ ပူးပေါင်းပြီး ကျည်လေးတောင့်နဲ့ ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုဂံ - ညောင်ဦးဒေသမှာ လက်နက်အားကိုးနှင့် ပြည်သူကို ထင်တိုင်းကျဲ ရန်ပြု သတ်-ဖြတ်၊ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက စစ်ကောင်စီ ထောက်တိုင် တစ်ယောက် သုတ်သင်ခံရတိုင်း ဒေသခံပြည်သူ အနည်းဆုံး (၅၀)ကျော်ကို ဖမ်းပြီး ညှဉ်းပန်းနှိပ်စက် ငွေညှစ်လေ့ ရှိတာကြောင့် ညောင်ဦးနှင့် စဉ့်ကူက ဒေသခံတွေ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ညောင်ဦး #ကြံ့ခိုင်ရေးပါတီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ