သပိတ်ကျင်းနယ် ကြားညှပ်နှင့် တကောင်းမြို့ကြား တောနင်းနေတဲ့ စစ်အုပ်စုက ပြည်သူ(၅၀)ခန့်ကို ဖမ်းပြီး ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးပြု၊ တောတဲတွေကို လုယက်မီးရှို့နေ၊

သပိတ်ကျင်းနယ် ကြားညှပ်နှင့် တကောင်းမြို့ကြား တောနင်းနေတဲ့ စစ်အုပ်စုက ပြည်သူ(၅၀)ခန့်ကို ဖမ်းပြီး ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးပြု၊ တောတဲတွေကို လုယက်မီးရှို့နေ၊

MFP၊ အောက်တိုဘာ - ၆

မန္တလေးတိုင်း သပိတ်ကျင်းမြိုနယ် ကြာညှပ်တိုက်နယ်နှင့် တကောင်းမြို့ကြား နယ်မြေ ရှင်းလင်းရေး ဆိုပြီး တောနင်း ရှာဖွေ သောင်းကျန်းနေတဲ့ စစ်အုပ်စုက ဒေသခံ ပြည်သူ (၅၀)ဦးခန့်ကို ဖမ်းဆီးထားပြီး ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သပိတ်ကျင်း အခြေစိုက် (၁၃)တပ် ခေါ် အမှတ်(၁၃) တန်းမြင့်လေ့ကျင်ရေး သင်တန်းကျောင်းက စကစတွေ အများစု ပါဝင်တဲ့ အင်အား(၁၀၀)ကျော်ပါ စစ်အုပ်စုဟာ သုံးဖွဲ့ခွဲပြီး အောက်တိုဘာ (၃)ရက် ကတည်းက ကြာညှပ်နှင့် တကောင်းမြို့ကြားက ပုတီးဖြူ၊ မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပံကုန်း၊ ရေယာဉ် စတဲ့ ရွာတွေအနီး တောတိုက်ယာခင်းတွေထဲ ဝင်မွှေ လုယက် သောင်းကျန်းနေပြီး ဒေသခံတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုနေတာလို့ ဆိုပါတယ်။

"မနေ့က ဝါးရုံကုန်းကနေ တွင်းငယ်ဘက် တလျှောက် တောထဲက လူတွေ ဆင်းခိုင်းတယ်တဲ့။ ဓာတ်ဘုရား ဘက်ကိုတော့ ချောင်းအရှေ့ဘက်က တဲတွေ အကုန်မီးရှိသွားတယ်။ အသိ ဦးလေးတော့ သူ့သားတဲရော ယောက္ခမတဲရော မီးရှိ့ ခံလိုက်ရတယ်။ ကြက်တွေရော ဖမ်းသွားတာ"လို ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

ဒေသခံတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် သုံးကာ တောတိုက်တွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ဒေသခံတချို့ကို ထပ်မံ ဖမ်းဆီးနေပြီး အဲ့ဒီ အဖမ်းခံရသူတွေကိုတော့ ဘယ်နေရာ ခေါ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

"စကစ စစ်ကြောင်းကတော့ အခုထိ မထွက်သေးပါဘူးဗျ။ အခု စစ်ကြောင်းထိုးနေတာက ပုတီးဖြူ ကျေးရွာ အရှေ့ဘက် တောထဲဘက်က နေမင်းကုန်းကျေးရွာ တောထဲဘက်ကို ထိုးနေပါတယ်ဗျ" လို့ ကြာညှပ် ပကဖ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ(၆)ရက် နေ့လယ်ပိုင်းမှာ စစ်အုပ်စုက ရွှေစကာရွာမှာ ရှိတဲ့ ဆန်စက်တစ်လုံးကို စီးနင်းဝင်မွှေ လုယက်ပြီး ဆန်အိတ်တွေကို သုံးခေါက်ခွဲကာ တောထဲ သယ်ယူသွားတာကြောင့် စစ်အုပ်စုက တောတိုက်တွေထဲ ဆက်မွှေဦးမယ့် အခြေအနေ ရှိတယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

အောက်တိုဘာ (၁)ရက်က ကြာညှပ်တိုက်နယ်နေ ပျူစောထီး လင်မယားကို ကြာညှပ် ပ.က.ဖ က ရှင်းလင်း သုတ်သင်ခဲ့သလို အင်အား(၂၆)ဦးပါ စစ်အုပ်စုကို ပုတီးဖြူရွာအနီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ လမ်းပြနှင့် စကစ ငါးယောက် သေပြီးနောက် စစ်အုပ်စုက အခုလို နယ်မြေ ရှင်းလင်းရေးဆိုပြီး ဒေသတွင်း သောင်းကျန်းနေတာလို့ ဆိုပါတယ်။

သပိတ်ကျင်းမြိုနယ် ကြားညှပ်တိုက်နယ်နှင့် တကောင်းမြို့နယ်ခွဲက ကျေးရွာတောတိုက်တွေထဲ စစ်အုပ်စု ဝင်မွှေ သောင်းကျန်းနေချိန် ဒေသခံပြည်သူတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ၊ သတ်ဖြတ်တာ အပါအဝင် ငွေညှစ်ပစ္စည်းလုတာတွေ ဆက်လက် ရှိနိုင်တာကြောင့် ပြည်သူတွေ အသွားအလာ သတိထားကြဖို့ ဒေသခံ အချင်းချင်း တိုက်တွန်းနေကြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ်ကျင်း #တကောင်း #ကြာညှပ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ