ဒီပဲယင်းက စာသင်ကျောင်းကို စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်မှု အနည်းဆုံး ကလေးငယ် (၁၁)ဦး သေဆုံးဟု ယူနီဆက် ထုတ်ပြန်၊ ပျောက်ဆုံးနေတဲ့ ကလေးငယ် (၁၅)ဦးခန့်ကို ဘေးကင်းစွာ ချက်ချင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆို၊

ဒီပဲယင်းက စာသင်ကျောင်းကို စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်မှု အနည်းဆုံး ကလေးငယ် (၁၁)ဦး သေဆုံးဟု ယူနီဆက် ထုတ်ပြန်၊ ပျောက်ဆုံးနေတဲ့ ကလေးငယ် (၁၅)ဦးခန့်ကို ဘေးကင်းစွာ ချက်ချင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆို၊

MFP၊ စက်တင်ဘာ - ၁၉

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းတစ်ကျောင်းကို စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး ကလေးငယ် (၁၁)ဦး သေဆုံးခဲ့တယ်လို ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF-United Nations Children's Fund) မြန်မာ က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၁၆)ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြိုနယ်ရှိ စာသင်ကျောင်းတစ်ကျောင်း အပါအဝင် အရပ်သား ပြည်သူတွေ နေထိုင်ရာ နေရာတွေကို စစ်လေယာဉ်တွေနဲ့ လေ‌ကြောင်းတိုက်ခိုက်မှုနှင့် မဆင်မခြင် ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ကလေးငယ် (၁၁)ဦးခန့် သေဆုံးတယ်လို့ ယူနီဆက်မြန်မာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သားသမီးတွေ ဆုံးရှုံးသွားတဲ့ မိဘတွေ၊ မိသားစုဝင်တွေနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပြီး အသေးစိတ် အချက်အလက်တွေကိုလည်း ဆက်လက် အတည်ပြုနေတယ်လို ယူနီဆက် မြန်မာက ထုတ်ပြန်ပါတယ်။

"စာသင်ကျောင်းများသည် ဘေးကင်းလုံခြုံသော နေရာများ ဖြစ်ရပါမည်။ ကလေးသူငယ်များကို မည်သည့်အခါမှ မတိုက်ခိုက်ရပါ"လို ယူနီဆက်မြန်မာက ဖော်ပြပါတယ်။

ဒါ့အပြင် စာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာ တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းထဲ ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး(၁၅)ဦးခန့် ပျောက်ဆုံးနေပြီး ယူနီဆက်အနေနဲ့ ကလေးတွေကို ဘေးအန္တရာယ် ကင်းစွာ ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်းလည်း ဖော်ပြပါတယ်။

စက်တင်ဘာ(၁၆)ရက် နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း ဒီပဲယင်မြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းထဲ စာသင်နေတဲ့ ကလေးသူငယ်တွေကို စစ်အုပ်စုက ရဟတ်ယာဉ် သုံးစီးနဲ့ နာရီဝက်ကျော်ကြာ ပစ်ခတ်သ-တ်-ဖြတ်ခဲ့ပြီး အခြား ရဟတ်ယာဉ် နှစ်စီးနဲ့ စကစတွေ ချထားကာ အဲ့ဒီ စကစတွေကလည်း လက်ယက်ကုန်း တစ်ရွာလုံးကို စီးနင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ရဟတ်ယာဉ် ငါးစီးနဲ့ ပစ်ခတ် သ-တ်-ဖြတ်မှုအတွင်း စာသင်ခန်းထဲက ကလေးသူငယ် အများအပြား သေဆုံးသလို ရွာထဲမှာ ရှိနေတဲ့ ကလေးသူငယ် နှစ်ဦးနှင့် ဒေသခံ ငါးဦးလည်း သေဆုံးခဲ့ပါတယ်။

လက်ရှိအချိန်ထိ သေဆုံးတဲ့ ကလေးသူငယ်တွေရဲ့ အလောင်းတွေ ပြန်မရသေးဘဲ စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသူတွေလည်း ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #လက်ယက်ကုန်း #ကလေးသူငယ် #ယူနီဆက်ဖ် #UNICEF #စာသင်ကျောင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ