ပခုက္ကူတံတားဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးနေ၊

ပခုက္ကူတံတားဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးနေ၊

MFP ၊ စက်တင်ဘာ - ၅

ပခုက္ကူမြို့ ဧရာဝတီမြစ်ကူးတံတား တောင်ဘက်ထိပ်မှာ ဂိတ်ဖွင့်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် သောင်းကျန်းနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ(၄)ရက် မနေ့က နေ့လည်ပိုင်းက မန္တလေးတိုင်း ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ဘက် ပခုက္ကူတံတားထိပ်က စစ်အုပ်စုရဲ့ဂိတ် စီးနင်းတိုက်ခိုက်ခံရပြီး စကစတွေ အသေအပျောက် ရှိကာ သေနတ်နှစ်လက် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ဒီနေ့ စက်တင်ဘာ(၅)ရက် ညနေပိုင်းမှာ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်၊ ကုက္ကိုကုန်းကျေးရွာက ငှက်ပျောခြံလုပ်ငန်း လုပ်ကိုင်နေတဲ့ ဇနီးမောင်နှံကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားတာလို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

“ပခုက္ကူတံတားအနီး ငှက်ပြောခြံထဲမှာ အလုပ်လုပ်နေတဲ့ အရပ်သားလင်မယား နှစ်ယောက်ကို ရိုက်နှက်ပြီး ဖမ်းခေါ်သွားတယ်။ ဒီနေ့ ညနေ(၃)နာရီလောက်က တောထဲက ငှက်ပျောခြံမှာ အလုပ်လုပ်နေတဲ့ လင်မယားကို ဖမ်းသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက်(၃၀)ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မနေ့က ညနေပိုင်းကတည်းက ညောင်ဦး - မြင်းခြံလမ်းကို ပိတ်ဆို့ကာ ဒေသခံပြည်သူတွေကို ဖမ်းဆီး စစ်ဆေးငွေညှစ်တာ၊ ရန်ပြု သောင်းကျန်းတာတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပခုက္ကူ ဧရာဝတီ မြစ်ကူးတံတား တောင်ဘက်ထိပ်က စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို စက်တင်ဘာ(၄)ရက် နေ့လည်ပိုင်းမှာ ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်ဒီး၊ ရဲဘော်ဂျွန်ဖောနှင့် ရဲမေပူတူး တို့က စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး (G-3)အမျိုးအစား သေနတ်နှစ်လက် သိမ်းယူ ရရှိခဲ့တယ်လို့ ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (တပ်ဖွဲ့-၂)က သတင်း ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပခုက္ကူ #ညောင်ဦး #တံတား #လက်ပံခြေပေါ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ