MFP ၊ စက်တင်ဘာ - ၂
မန္တလေးတိုင်း မြစ်သားနယ်က အိမ်ခြေ(၁၃၀၀)ကျော် ရှိတဲ့ ကသဲကုန်းရွာမှာ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လူထုတွေ့ဆုံပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ခြိမ်းခြောက် စည်းရုံး တရားဟောဖို့ ကြိုးစားခဲ့ပေမယ့် တစ်ရွာလုံး တစ်ယောက်မှ ရောက်မလာလို့ ပွဲပျက်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မြစ်သားနယ် အပါအဝင် မန္တလေးတိုင်း မြို့ရွာအနှံ့မှာ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လူထုတွေ့ဆုံပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေသခံပြည်သူတွေကို လိုက်လံတွေ့ဆုံကာ NUG ၊ CRPH နှင့် PDF တွေကို ဆန့်ကျင်ကြဖို့နှင့် အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံကြဖို့ ခြိမ်းခြောက် စည်းရုံး ဟောပြောနေတာ ဖြစ်ပါတယ်။
မနေ့က စက်တင်ဘာ(၁)ရက် မနက်ပိုင်းက မြစ်သားမြိုနယ်၊ ကသဲကုန်းကျေးရွာ ဓမ္မာရုံမှာ စစ်အုပ်စုက ဟောပြောပွဲ လုပ်ဖို့ ကြိုးစားခဲ့ပြီး ဒေသခံတွေကို ဟောပြောပွဲ တက်ဖို့ ယခင်နေ့တွေ ကတည်းက ကြိူတင်အသိပေး ဖိတ်ခေါ်ထားပေမယ့် ရွာခံပြည်သူတွေ တစ်ယောက်မှ ရောက်မလာတာကြောင့် စစ်အုပ်စုက တစ်အိမ်တက်ဆင်း လိုက်လံခြိမ်းခြောက်ပြီး အိမ်မှာ ရှိနေတဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနှင့် ကလေးငယ်တချို့ကို ခေါ်ကာ ဟောပြောပွဲ မဖြစ် ဖြစ်အောင် လုပ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ညကတည်းက ဥက္ကဌက မိုက်နဲ့အော်တယ်။ မနက်ကျ အများစုက အိမ်မှာ မရှိကြဘူး။ သူတိုလာတာကို ရွာက တစ်ယောက်မှ မလာလို အိမ်တွေထဲထိ လာပြီး အတင်း လာခေါ်တယ်။ မိန်းမသားတွေ သက်ကြီးရွယ်အိုတွေ (၁၀)ယောက်လောက် ကြောက်လို့ လိုက်သွားကြတယ်" လို့ ကသဲကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်သားမြိုနယ် ကသဲကုန်းကျေးရွာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီတာခ မပေးဆောင်တဲ့အတွက် မီးဖြတ်ခံထားရတာ သုံးလခန့် ကြာပြီဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့က စစ်အုပ်စုက လုပ်မယ့် ဟောပြောပွဲကို တစ်ရွာလုံး တစ်ယောက်မှ မလာရောက်တဲ့အချိန် အုပ်ချုပ်ရေးမှူးဟောင်း ကြည်စိုး ဆိုသူက တစ်အိမ်တက်ဆင်း ခြိမ်းခြောက်ခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ကသဲကုန်းရွာမှာ လုပ်တဲ့ ဟောပြောပွဲကို စစ်အုပ်စု လက်အောက်ခံတွေဖြစ်တဲ့ မြစ်သား မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ မြစ်သားမြို့နယ် ကောင်စီဝင် ဗိုလ်မှူးဘိုဘိုအောင် အပါအဝင် မြို့နယ်အဆင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း အများအပြား လာရောက်ခဲ့ပြီး ခြိမ်းခြောက်ပြီး အိမ်အထိ လာခေါ်လို့ ပွဲတက်ရတဲ့ ပြည်သူတချို့ကို မီတာခတွေ ပေးဆောင်ဖို့ပါ ထပ်မံ ခြိမ်းခြောက်သွားတယ်လို့ ဆိုပါတယ်။
ယမန်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ခြိမ်းခြောက် စည်းရုံး ဟောပြောပွဲ/Photo – S
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြစ်သား #ကသဲကုန်းရွာ #ဟောပြောပွဲ
မြစ်သားက အိမ်ခြေထောင်ကျော်ရှိတဲ့ ကသဲကုန်းရွာမှာ စစ်အုပ်စုက တရားဟောဖို့ ကြိုးစား၊ တစ်ရွာလုံး တစ်ယောက်မှ ပွဲမတက်၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024