ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့ကို NUG ပကဖ က အင်အားသုံး စီနင်းမှု ဒဏ်ရာရ ရဲဘော်တစ်ဦး ထပ်မံ သေဆုံး ဟုဆို၊ အလောင်းတွေ ပြန်မရဘဲ CDM ကိုယ်ဝန်ဆောင် အပါအဝင် ခြောက်ဦး ဖမ်းဆီးခံရဟု ဗိုလ်ကျားကြီးအဖွဲ့ ထုတ်ပြန်၊

ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့ကို NUG ပကဖ က အင်အားသုံး စီနင်းမှု ဒဏ်ရာရ ရဲဘော်တစ်ဦး ထပ်မံ သေဆုံး ဟုဆို၊ အလောင်းတွေ ပြန်မရဘဲ CDM ကိုယ်ဝန်ဆောင် အပါအဝင် ခြောက်ဦး ဖမ်းဆီးခံရဟု ဗိုလ်ကျားကြီးအဖွဲ့ ထုတ်ပြန်၊

MFP ၊ စက်တင်ဘာ - ၁

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ဗိုလ်ကျားကြီး အဖွဲ့ကို ပြည်သူတွေထံက ခြိမ်းခြောက် ငွေညှစ်နေတယ်ဆိုပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က မနေ့က မနက်ပိုင်း အင်အားသုံး စီးနင်းခဲ့ရာမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရ ရဲဘော်တွေထဲက နောက်ထပ်တစ်ဦး ထပ်မံ သေဆုံးတယ်လို့ သတင်းရကြောင်း ဗိုလ်ကျားကြီး အဖွဲ့က ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၃၁)ရက် မနေ့က မနက်(၁၀)နာရီကျော်မှာ NUG ရဲ့ ဝက်လက် ပကဖ - ဝက်လက်မြို့နယ် အရှေ့ခြမ်း တပ်ရင်း (၂)က လာရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်မှာ ရဲဘော် နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရကာ CDM ဝင်ထားတဲ့ ကိုယ်ဝန်ဆောင် ဆရာမ တစ်ဦး အပါအဝင် ခြောက်ဦး ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့ စက်တင်ဘာ(၁)ရက်မှာ ဒဏ်ရာရသူ ငါးဦးထဲက တစ်ဦး ထပ်မံ သေဆုံးတယ်လို့ သတင်းကြားရတယ်လို့ ဗိုလ်ကျားကြီး အဖွဲ့က ဆိုပါတယ်။

“ကျွန်တော်တို့အဖွဲ့အား လာရောက်ပစ်ခတ်ခဲ့ရာ ကျွန်တော်တို့အဖွဲ့မှ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး အဖွဲ့ဝင် ငါးဦး ဒဏ်ရာရ၍ အဖွဲ့ဝင် ခြောက်ဦး ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသော အဖွဲ့ဝင်ထဲမှာ CDM ဝင်ထားသော ကိုယ်ဝန်ဆောင် ကျောင်းဆရာမ တစ်ဦးလည်း ဖမ်းဆီးခံရပါသည်။ စက်တင်ဘာ(၁)ရက်နေ့မှာ ဒဏ်ရာရ အဖွဲ့ဝင်တစ်ဦး သေးဆုံးခဲ့ရပြီး သေဆုံးသွားသော အဖွဲ့ဝင် သုံးဦးရဲ့ အလောင်းတွေကို နီးစပ်ရာမှာ သဂြိုလ်ထားခဲ့သည်ဟု သတင်းရရှိပါတယ်။ သေဆုံးသွားတဲ့ အဖွဲ့ဝင် အလောင်းတွေကိုလည်း ကျွန်တော်တို့အဖွဲ့မှာ ပြန်မရရှိခဲ့ပါ။ ကျွန်တော်တို့အဖွဲ့မှ ဆိုင်ကယ်(၁၀)စီး၊ ပိုက်ဆံ (၁၁)သိန်း၊ ဖုန်းခြောက်လုံး၊ အဖွဲ့ဝင်များ၏ အသုံးဆောင်များဖြစ်သော ကျောပိုးအိတ်များကိုလည်း ယူဆောင်သွားပါသည်” လို့ ဗိုလ်ကျားကြီး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဗိုလ်ကျားကြီး အဖွဲ့ဟာ ဧရာဝတီမြစ်ကြောင်းတလျှောက် သွားလာနေတဲ့ ပြည်သူတွေရဲ့ ရေယာဉ်တွေ၊ မော်တော်တွေကို ခြိမ်းခြောက် ငွေညှစ်နေကြောင်း တိုင်ကြားစာတွေ ရရှိတဲ့အတွက် အထက်အဆင့်ရဲ့ ခွင့်ပြုချက်နဲ့ ဖမ်းဆီး စစ်ဆေးဖို့ ကြိုးစားရာက အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဝက်လက် ပကဖ ကလည်း မနေ့က သတင်း ထုတ်ပြန်ထားပါတယ်။

“ဝက်လက်မြို့နယ် ရွှေကျင် ပ က ဖ ခေါင်းဆောင် ဗိုလ်ကျားသည် ဧရာဝတီမြစ်ကြောင်း တလျှောက်ရှိ ပြည်သူများအပေါ် ခြိမ်းခြောက် ရမ်းကားခြင်း၊ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဖြတ်သန်းသွားလာကြသော မော်တော်များကို စကစ ထုတ်ကုန်ပါ၊မပါ စစ်ဆေးရန်ဟု အကြောင်းပြ တားဆီးပြီး မော်တော်စစ်စီးလျှင် (ကျပ်နှစ်သိန်းမှ ငါးသိန်း) အထိ ခြိမ်းခြောက် ငွေတောင်းခံခြင်းများကို ဒေသခံများ၊ မော်တော်ပိုင်များမှ ဝက်လက်မြို့နယ် ပကဖ သို့ ထပ်ခါထပ်ခါ တိုင်ကြားခဲ့သောကြောင့် မြို့နယ် ပကဖ ခေါင်းဆောင် မှ ဗိုလ်ကျားအား ဤသို့သော ပြစ်မှုမျိုး ထပ်မံ မဖြစ်ပွားစေရန် ဖုန်းဆက်၍ အတန်တန် ပြောသော်လည်း လိုက်နာခြင်း မရှိသဖြင့် အထက်အဆင့်ဆင့်သို့ တင်ပြခဲ့ပါသည်။ ယနေ့ သြဂုတ်(၃၁)ရက်တွင် ဗိုလ်ကျားအား ဖမ်းဆီးစစ်ဆေးရန် သက်ဆိုင်ရာမှ ခွင့်ပြုသဖြင့် မြို့နယ် ပ က ဖ မှ ဦးဆောင်ပြီး ဗိုလ်ကျား တပ်စွဲထားရာ ရွှေညောင်တော် တောင်ကုန်းထိပ်သို့ ဗိုလ်ကျားအား ခေါ်ယူစစ်ဆေးရန် သွားစဉ် ဗိုလ်ကျား၏ တပည့် နှစ်ဦးမှ စတင် ပစ်ခတ်သောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကျားဘက်မှ စတင်ပစ်ခတ်သူ နှစ်ဦး သေဆုံးပြီး ၊ ငါးဦး ဒဏ်ရာရ ခဲ့သည်” လို့ ဝက်လက် ပကဖ က ဖော်ပြပါတယ်။

ဗိုလ်ကျားကြီး အဖွဲ့ဟာ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမည့်အစား ပြည်သူကို ခြိမ်းခြောက်စော်ကား၊ ငွေညှစ်နေတဲ့အတွက် ဗိုလ်ကျား အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်းလည်း NUG ရဲ့ ဝက်လက် ပကဖ က ဆိုပါတယ်။

“ဗိုလ်ကျားကို လက်ခံထားသည့် အဖွဲ့များအနေဖြင့် မြို့နယ် အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မြို့နယ် ပကဖ နှင့် ပူးပေါင်း ဆောင်ရွက်စေလိုပါသည်။ ဗိုလ်ကျားကို လက်ခံပြီး ဗိုလ်ကျားကို ကာကွယ်သည့် အဖွဲ့အား အကြမ်းဖက်အားပေး ဟု သတ်မှတ်မည် ဖြစ်ကြောင်း ဝက်လက်မြို့နယ် ပကဖ မှ အသိပေး ကြေငြာအပ်ပါသည်” လို့ ဝက်လက် ပကဖ က ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဗိုလ်ကျားကြီးအဖွဲ့က ဗိုလ်ကျားကြီးနှင့် အဖွဲ့ဝင် ရဲဘော်တချို့ကို တွေ့ရစဉ်/Photo – ဗိုလ်ကျားကြီး FB

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ဗိုလ်ကျားကြီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ