MFP Daily News - စက်တင်ဘာ(၁)ရက် မန္တလေး သတင်းများ

MFP Daily News - စက်တင်ဘာ(၁)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၁)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းဘုရားဝင်းထဲက ဓမ္မာရုံမှာ နယ်မြေစိုးမိုးရေး အတွက်ဆိုပြီး ဒီမနက်ပိုင်း စစ်အုပ်စုက ရပ်ကွက်ဒေသခံတွေကို ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက်၊ ချော့မော့ စည်းရုံနေချိန် ဗုံးထု တိုက်ခိုက်ခံရတာကြောင့် အစည်းအဝေးလာတက်တဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး အစည်းအဝေးလည်း ပျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်ထဲမှာ နေအိမ်တွေ ဖျက်ဆီးဖို့လာတဲ့ လူမိုက်အဖွဲ့ကို ဒေသခံပြည်သူတွေက ပြန်လည်ခုခံခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘက်ဟိုးဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ပြည်သူတွေကို အမှုဖွင့်လိုက်ပါတယ်။ ဩဂုတ်(၃၀)ရက်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမိုက်တွေဟာ ဘက်ဟိုးတစ်စီးနဲ့ ဇီးအုပ်ကွက်သစ်ထဲ ရောက်လာချိန် ဒေသခံတွေက ပြန်လည်ခုခံရာက ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဘက်ဟိုးတစ်စီး မှန်ကွဲပျက်စီးခဲ့တာ ဖြစ်ပါတယ်။

၃။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်၊ ၁၃၃ လမ်း(စံပြလမ်း)နဲ့ ၆၃(A)လမ်းထောင့်မှာရှိတဲ့ ငါးဂိမ်းဆိုင် မနေ့က ညပိုင်း မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး အဆောက်အဦး ပျက်စီးမှု ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီမနက်ပိုင်း မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို စစ်အုပ်စုက လာရောက်ဖျက်ဆီးရာမှာလည်း အုတ်တံတိုင်း ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။

၄။ စစ်အုပ်စုရဲ့ ထောက်တိုင်တွေကို တိုက်ခိုက်မယ်လို့ ကြေညာပြီး မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့ အဖြစ် ဝင်ရောက်လာတဲ့ King Cobra Guerrilla Force - KCGF က လက်ဆုပ်လက်ကိုင်ပြစရာ ကြီးကြီးမားမား အောင်မြင်မှု မရှိဘဲ သက်တမ်း လပိုင်းအတွင်းမှာပဲ အဖွဲ့ကို ဖျက်သိမ်းတော့မယ်လို့ KCGF ခေါင်းဆောင် ဗိုလ်မြွေပွေးက ပြောပါတယ်။ KCGF ဟာ UG အဖြစ် လှုပ်ရှားမယ်လို့ ကြေညာပြီးနောက် သူတို့ထက် သက်တမ်းပိုကြာပြီး မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေအားကောင်းတဲ့ UG အဖွဲ့တချို့နဲ့ မဟာမိတ်ဖွဲ့စည်းနိုင်ခဲ့ကာ ပြီးခဲ့တဲ့လတွေအတွင်း KCGF ရဲ့ မဟာမိတ်တွေ ဖြိုခွင်းခံရပြီး UG ရဲဘော် (၁၀)ဦးထက်မနည်း စစ်အုပ်စုရဲ့ ဖမ်းဆီး သ-တ်ဖြ-တ်တာကို ခံခဲ့ရပါတယ်။ မဟာမိတ်အဖွဲ့တွေ၊ UG ရဲဘော်တွေ ဖြိုခွင်း သ-တ်ဖြ-တ်ခံရပြီးနောက် KCGF က သူတို့အဖွဲ့ကို ဖျက်သိမ်းတော့မယ်လို့ ကြေညာတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ