မြိုင်မြို့ပေါ်က စီမံကိန်းရုံး၊ ကင်းဂိတ်နှင့် မြို့အဝင်အထွက် ဂိတ်တွေကို တိုက်ခိုက်၊ ဖက်ဆစ်တပ်သား အနည်းဆုံး သုံးယောက် သေ၊

မြိုင်မြို့ပေါ်က စီမံကိန်းရုံး၊ ကင်းဂိတ်နှင့် မြို့အဝင်အထွက် ဂိတ်တွေကို တိုက်ခိုက်၊ ဖက်ဆစ်တပ်သား အနည်းဆုံး သုံးယောက် သေ၊

MFP ၊ သြဂုတ် - ၁၈

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့မှာ ရှိတဲ့ မြို့နယ် စီမံကိန်းရုံး၊ မြိုင်မြို့ပေါ်က ဖက်ဆစ်တပ်ရဲ့ ကင်းဂိတ်နှစ်ခုနှင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေကို ဒီနေ့ စီးနင်း တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်သား သုံးယောက် ထက်မနည်း သေတယ်လို့ ဒေသကာကွယ်ရေး တပ်တွေက သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁၈)ရက် မနက်(၁၁)နာရီမှာ မြိုင်မြို့ ဦးကြွေကျောင်းထဲ အထိုင်ချနေတဲ့ ဖက်ဆစ်တပ်ဂိတ်၊ မြို့မြောက်ဘက် စစ်ဆေးရေးဂိတ်နှင့် မြို့အနောက်ဘက် စစ်ဆေးရေးဂိတ်တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနှင့် တိုက်ခိုက်ခဲ့ပြီး နေ့လည်(၁၂)နာရီမှာ မြိုင်မြို့နယ် စီမံကိန်းရုံး၊ မြို့အထွက်အရှေ့ စစ်ဆေးရေးဂိတ်နှင့် မြိုင်မြို့ပေါ်က ဖက်ဆစ်တပ် အထိုင်ချနေတဲ့ ကင်းဂိတ်နှစ်ဂိတ်တို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲပ ပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းသုံးပြီး ဗုံးထု တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“မြိုင်မြို့နယ်ရှိ စီမံကိန်းရုံး၊ မြို့အထွက် စစ်ဆေးရေးဂိတ်နှင့် မြိုင်မြို့ပေါ်ရှိ စကစ တပ်စွဲထားသော ဂိတ်တည်နေရာ နှစ်ခုအား ….. မြေပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဒရုန်းဖြင့် ဗုန်းကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား သုံးဦး ထက်မနည်း သေဆုံးကာ ဒဏ်ရာ အများအပြားရရှိခဲ့ပြီး ထိခိုက်မှု အခြေအနေများအား စုံစမ်းလျှက်ရှိပါသည်” လို့ Earthquake People's Defence Force က ဖော်ပြပါတယ်။

ဒါ့အပြင် ညနေ(၄)နာရီကျော်ကနေ (၆)နာရီအထိ မြိုင်မြို့နယ် ဗဟင်းရဲစခန်းကို မြိုင် ပကဖ တပ်ရင်း(၁)နှင့် မြိုင်နယ် ကျေးရွာကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဆိုပါတယ်။

“တိုက်ပွဲတွင် မိမိတို့အဖွဲ့များမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး သက်ဆိုင်ရာ စခန်းများသို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိခဲ့ပါသည်။ မိမိတို့အဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေချိန်တွင် စစ်ကောင်စီဘက်မှ တပ်သားများသည် မြိုင်ပင်မ ရဲစခန်း အထိ ပြန်ပြေးကာ တပ်ဆုတ်သွားပြီး မိမိတို့ဘက်မှ အထိအခိုက် လုံးဝ (လုံးဝ) မရှိခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” လို့ Earthquake People's Defence Force က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် - မြိုင်၊ Royal Defence Force PKU၊ Middle Revolution Task Force - MRTF နှင့် Earthquake People's Defence Force နှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #တိုက်ပွဲ #ပကဖ #PDF