ပြည်ကြီးတံခွန်မှာ အိမ်တွေ ဖျက်ဆီးဖို့လာတဲ့ အဖွဲ့ကို ပြည်သူက ပြန်ခုခံ၊ ဘက်ဟိုးမောင်းသူ နှစ်ယောက်ကို ဖမ်းမိပြီး ရပ်ကွက်ရုံးက လာခေါ်သွား

ပြည်ကြီးတံခွန်မှာ အိမ်တွေ ဖျက်ဆီးဖို့လာတဲ့ အဖွဲ့ကို ပြည်သူက ပြန်ခုခံ၊ ဘက်ဟိုးမောင်းသူ နှစ်ယောက်ကို ဖမ်းမိပြီး ရပ်ကွက်ရုံးက လာခေါ်သွား

MFP ၊ ဩဂုတ် - ၃၁

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်ဘက်မှာ ရပ်ကွက်ထဲက နေအိမ်တွေကို ဖျက်ဆီးဖို့လာတဲ့အဖွဲ့ကို ပြည်သူတွေက ပြန်ခုခံတာကြောင့် ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဩဂုတ် (၃၀)ရက် မွန်းလွဲပိုင်းမှာ ၁၃၁ လမ်းတောင်ဘက်၊ ၄၉ လမ်းနဲ့ လမ်း ၅၀ ကြား၊ ဇီးအုပ်ကွက်သစ် (ဋ) ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေကို ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင် အပါအဝင် ပျူစောထီး အမည်ခံ ရပ်ကွက်လူမိုက် အယောက် (၃၀)လောက်က လာရောက်ဖျက်ဆီးတာဖြစ်တယ်လို့ ပြည်ကြီးတံခွန်သပိတ်အင်အားစု-မန္တလေးကလည်း ဖော်ပြပါတယ်။

ဘက်ဟိုးတွေနဲ့ ဖျက်ဆီးရုံမကဘဲ လူမိုက်အဖွဲ့နဲ့ပဲ ပြည်သူတွေကို ဝိုင်းဝန်းရိုက်နှက်လာတဲ့အတွက် နေအိမ်ဖျက်ဆီးခံရတဲ့ ပြည်သူတွေက ပြန်ခုခံရာမှာ ဘက်ဟိုးသမား နှစ်ယောက်ကို ဖမ်းဆီးရမိကာ လူမိုက်အုပ်စုကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဘယ်နှအိမ်ဖျက်ဆီးခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဖမ်းဆီးမိတဲ့ ဘက်ဟိုးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဘက်ဟိုးသမားနှစ်ယောက်ကို ကံကြီးကုန်းအုပ်ချုပ်ရေးမှူးရုံးက လာရောက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက်မှာတော့ အဲဒီနေရာကို စစ်အုပ်စုက ကား (၆)စီးခန့်နဲ့ ပတ်နေတယ်လို့လည်း ဒေသခံအချို့က ထပ်ပြောပါတယ်။

စစ််တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်က ရပ်ကွက်နေအိမ်အချို့ကို ကျူးကျော်ဆိုပြီး စစ်အုပ်စုက ဖယ်ရှားရှင်းလင်းရာမှာ ပြည်ကြီးတံခွန်မြို့နယ်ထဲက အများဆုံးဖြစ်ပြီး အဲဒီဖယ်ရှားရှင်းလင်းခံရမှုမှာ အင်အားသုံးပြီး ဖယ်ရှားတာဖြစ်ကာ အိမ်ကြီးအိမ်ကောင်းတွေကိုပါမချန်ဘဲ ဖျက်ဆီးကြတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန် #ရပ်ကွက်လူမိုက် #ပြည်သူကပြန်ခုခံ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ