လက်နက်တွေနဲ့ ပျောက်ဆုံးနေတဲ့ မန်းမိုးကြိုးနဲ့အဖွဲ့ ငါးရက်ကျော်အထိ အဆက်အသွယ်မရ

လက်နက်တွေနဲ့ ပျောက်ဆုံးနေတဲ့ မန်းမိုးကြိုးနဲ့အဖွဲ့ ငါးရက်ကျော်အထိ အဆက်အသွယ်မရ

MFP ၊ ဩဂုတ် - ၂၁

ရှမ်းပြည်နယ်က လက်နက်ဝယ်ပြီးအပြန် မန္တလေးမြို့မှာ ဩဂုတ်လ (၁၆)ရက် ညနေပိုင်းကစပြီး ပျောက်ဆုံးနေတဲ့ FEA တပ်ပေါင်းစုအဖွဲ့က ဒုတာဝန်ခံ မန်းမိုးကြိုးနဲ့အဖွဲ့ဟာ ငါးရက်ကျော်အထိ အဆက်အသွယ်မရသေးဘူး ဖြစ်နေတယ်လို့ အဲဒီတပ်ပေါင်းစုဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်အခြေစိုက် ဒို့ညီနောင် Local PDF အဖွဲ့အတွက် AK 47 တစ်လက်၊ ကျည် (၂၀၀)၊ ပစ္စတိုနှစ်လက်၊ စုစုပေါင်း ကျပ်သိန်း နှစ်ရာဝန်းကျင်တန်ဖိုးရှိတဲ့ လက်နက်တွေကို သွားဝယ်ပြီးအပြန် မန္တလေးမြို့ပေါ်မှာ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

မန်းမိုးကြိုးဟာ FEA တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်ပြီး စစ်သား CDM ဖြစ်တယ်လို့ စုံစမ်းသိရှိရပေမယ့် MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

FEA ဆိုတာ နိုင်ငံရေးအကျဉ်းသားများကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Anonymous Force Mandalay (AFM)၊ Emerald Grils Army (EGA) သုံးခုပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မန်းမိုးကြိုး(ခ) ကျော်လင်း(ခ) ကျော်လေးနဲ့ အခြား အမည်မထုတ်ပြန်သေးတဲ့ ရဲဘော် သုံးဦး ပျောက်ဆုံးနေတာဖြစ်ပြီး ဩဂုတ်လ (၂၁)ရက်အထိ သတင်းထပ်မကြားရသေးဘူးလို့ ဒို့ညီနောင် အဖွဲ့ဝင်၊ Anonymous Force Mandalay (AFM) ခေါင်းဆောင် ဗိုလ် Tiger က MFP ကို ပြောပါတယ်။

သူတို့လေးဦးကို ဖမ်းဆီးခံထားရတယ်လို့လည်း အတည်မပြုနိုင်သေးသလို စစ်အုပ်စုဘက်ကလည်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ရှမ်းပြည်နယ် ရွာငံဘက်ကို စစ်ရေးကိစ္စတစ်ခုနဲ့ ခရီးသွားခဲ့တဲ့ စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်တစ်ဦးနဲ့ မဟာမိတ်ဖြစ်တဲ့ Black Brothers PDF တပ်ဖွဲ့ဝင် သုံးဦး၊ စုစုပေါင်း လေးဦးဟာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ (၁၃)ရက်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရပြီး သုံးဦးကို သ-တ်ဖြ-တ်အလောင်းစွန့်ပစ်ကာ ကျန်တစ်ဦးရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ စဉ့်ကိုင် LPDF ကထုတ်ပြန်ထားပါတယ်။

အဲဒီ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်ထဲက တစ်ယောက်နဲ့ မန်းမိုးကြိုးနဲ့ လုပ်ငန်းကိစ္စအတွက် ဆက်သွယ်ပြောဆိုဖူးတယ်လို့ UG ရဲဘော်အချို့ထံကသိရပါတယ်။

FEA တပ်ပေါင်းစုထဲက Anonymous Force Mandalay (AFM) အဖွဲ့ဟာ ဩဂုတ်လဆန်းပိုင်းက ဖမ်းဆီးခံရပြီး စစ်အုပ်စုက သ-တ်ဖြ-တ်ခဲ့တဲ့ ဗိုလ်အောင်မြေ ရဲ့ Myanmar Revolution Rangers Force - MRRF အဖွဲ့ နဲ့ မဟာမိတ် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

ဗိုလ်အောင်မြေဟာ ဩဂုတ်လ (၁)ရက်က မန္တလေးမြို့ နေအိမ်တစ်ခုမှာ စစ်အုပ်စုရဲ့ စီးနင်းဖမ်းဆီးခံလိုက်ရပြီး နောက်တစ်နေ့မှာ သ-တ်ဖြ-တ်ကာ စစ်အုပ်စုက အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ပြခဲ့ပါတယ်။ ဗိုလ်အောင်မြေအပြင် အဲဒီနေ့မှာပဲ ဖမ်းဆီးခံရသူ (၁၀)ဦးဝန်းကျင်ရှိကာ မဟာမိတ်အဖွဲ့ဖြစ်တဲ့ Mother Son Mandalay Force (MSMF) ဒုခေါင်းဆောင် ကိုရှိုင်းအပါအဝင် UG ရဲဘော်လေးဦးဟာလည်း ပြင်ဦးလွင်မြို့က တည်းခိုခန်းတစ်ခုမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် ဩဂုတ်လ (၉)ရက်မှာတော့ ဗိုလ်အောင်မြေတို့အဖွဲ့နဲ့ မဟာမိတ်ပြုလုပ်ထားတဲ့ ရန်ကုန်ပြောက်ကျားအဖွဲ့ Burmese Rangers Army-LDF ရဲ့ Safe House (ယာယီနေထိုင်ရာ) တည်းခိုခန်းတစ်ခုကို စစ်အုပ်စုက စီးနင်းခဲ့ပြီး ရဲဘော်ခြောက်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံရတယ်လို့ BRA-LDF ကလည်း ထုတ်ပြန်ထားပါတယ်။

ဗိုလ်အောင်မြေတို့ဖြစ်စဉ်မှာ လွတ်မြောက်သွားတဲ့ မဟာမိတ်အဖွဲ့ Kings Cobra Guerilla Force - KCGF ကတော့ ပြီးခဲ့တဲ့ ဩဂုတ် (၁၈)ရက်မှာ မန္တလေး ချမ်းမြသာစည်မြို့နယ်ထဲက မြို့သစ်(၅)ရပ်ကွက်ရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ ခေါင်းဆောင် ဗိုလ်မြွေပွေးက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ၊ ဒို့ညီနောင်အဖွဲ့က လက်နယ်ဝယ်ဖို့ ဩဂုတ်လ (၉)ရက်မှာ ထုတ်ပြန်ခဲ့စဉ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးUG #မြေအောက်တော်လှန်ရေး #ပြောက်ကျားရဲဘော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ