တိုင်းနဲ့ပြည်နယ် ငါးခုက နိုင်ငံပိုင်မြေနဲ့ အဆောက်အဦ (၂၇)ခုကို စစ်အုပ်စုက ထပ်မံရောင်းချဖို့ပြင်ဆင်၊ မန္တလေးမြို့ပေါ်နဲ့ ကျောက်ဆည်က မြေကွက် ခြောက်ခုပါဝင်

တိုင်းနဲ့ပြည်နယ် ငါးခုက နိုင်ငံပိုင်မြေနဲ့ အဆောက်အဦ (၂၇)ခုကို စစ်အုပ်စုက ထပ်မံရောင်းချဖို့ပြင်ဆင်၊ မန္တလေးမြို့ပေါ်နဲ့ ကျောက်ဆည်က မြေကွက် ခြောက်ခုပါဝင်

MFP ၊ ဩဂုတ် - ၁၈

တိုင်းနဲ့ ပြည်နယ် ငါးခုမှာရှိတဲ့ နိုင်ငံပိုင်မြေနဲ့ အဆောက်အဦ၊ တိုက်ခန်းနဲ့ မြေကွက် စုစုပေါင်း (၂၇)ခုကို စစ်အုပ်စုက ထပ်မံရောင်းချဖို့ ပြင်ဆင်နေတယ်လို့ စစ်အုပ်စုလက်အောက်ခံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်လက်ထဲမှာရှိတဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့က နိုင်ငံပိုင်မြေနဲ့ အဆောက်အဦတွေကို ရောင်းချမှာဖြစ်ပြီး ဒါဟာ ဒုတိယအကြိမ် ရောင်းချဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ပဲခူးတိုင်းထဲက လေးခု၊ မန္တလေးတိုင်းထဲက ခြောက်ခု၊ ရန်ကုန်တိုင်းထဲက ငါးခု၊ ရှမ်းပြည်နယ်ထဲက (၁၁)ခုနဲ့ ဧရာဝတီတိုင်းထဲက တစ်ခုတို့ ဖြစ်တယ်လို့ သတင်းစာမှာ ထုတ်ပြန်ထားပါတယ်။

မန္တလေးမှာတော့ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ ကျောက်ဆည်မြို့နယ်တို့က မြေကွက်တွေနဲ့ အဆောက်အဦတွေဖြစ်တယ်လို့ဆိုပြီး ကျောက်ဆည်မှာက ဆီစက်ဖြစ်ပါတယ်။

စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဇွန်လထဲမှာလည်း ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရှမ်း၊ ဧရာဝတီတို့က နိုင်ငံပိုင်မြေနဲ့ အဆောက်အဦ၊ မြေကွက် စုစုပေါင်း (၂၃)ခုကို ရောင်းချခဲ့ပြီး အဲဒီရောင်းချမှုဟာ NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် မတ်လတုန်းက ရောင်းချခဲ့တာကို ကိုဗစ်ကြောင့် ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။ NLD လက်ထက်မှာ ရောင်းချခဲ့တာ (၂၄)ခုဖြစ်ပြီး စစ်အုပ်စုက တစ်ခုချန်လှပ်ကာ (၂၃)ခုကို ထပ်မံရောင်းချတာလို့ မှတ်တမ်းတွေအရ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ စစ်အုပ်စုရဲ့ရောင်းချမှုဟာ တရားမဝင်တာကြောင့် နိုင်ငံပိုင်မြေနဲ့ အဆောက်အဦတွေ မဝယ်ယူကြဖို့နဲ့ ဝယ်ယူသူတွေဟာ နောင်တစ်ချိန်မှာ အရေးယူခံရမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နိုင်ငံပိုင်မြေနဲ့အဆောက်အဦး #စစ်အုပ်စုကထပ်မံရောင်းချ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ