MFP ၊ ဩဂုတ် - ၁၇
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက် သမားတွေကို ဒေသကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတွေက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး နှစ်ဖက် အကျအဆုံး ရှိတယ်လို့ ပုလဲ PDF တပ်ရင်း (၆) က သတင်း ထုတ်ပြန်ပါတယ်။
သြဂုတ်(၁၄)ရက် နေ့လည်ပိုင်းက ပုလဲနှင့် ယင်းမာပင်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ အင်အား (၆၀)ခန့်ပါ စစ်အုပ်စုကို ပုလဲမြို့နယ်၊ ကမ္ဘားရပ်ရွာနှင့် ရွာသစ်ရွာကြားမှာ ဒေသကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများမှ ပူးပေါင်း ကြားဖြတ် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားချိန် တစ်နာရီထက်မနည်း ကြာမြင့်ခဲ့ပါသည်။ ထိုဖြစ်စဉ်ဝယ် ကျွန်ပ်တို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ဖက်မှ ရဲဘော်အချို့ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ စခ၊ရခနှင့် ပျူစောထီးများလည်း အများအပြား ထိခိုက်သေဆုံးခဲ့ပါသည်” လို့ ပုလဲ PDF တပ်ရင်း (၆) က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကို ပုလဲ PDF တပ်ရင်း (၆) - Guerilla Ranger Force အပါအဝင် ပုလဲ PDF တပ်ရင်း (၁) - Royal Eagle ၊ ပုံတောင် Tiger PDF - ပုလဲ PDF တပ်ရင်း(၁)၊တပ်ခွဲ-၂)၊ တောင်ပေါ်ပုဏ္ဍက (ပုလဲ PDF တပ်ရင်း (၁)၊တပ်ခွဲ-၃)၊ ပုလဲ PDF တပ်ရင်း-(၂) - Pale People's Head Quarters ၊ ပုလဲ PDF တပ်ရင်း-(၃)- PRA ၊ ပုလဲ PDF တပ်ရင်း(၉)- ရိုးမရာဇာ ၊ မြန်မာ့တော်ဝင်နဂါး တပ်တော် - M.R.D.A၊ မြိုင်အခြေစိုက် Myaing's Hero Generations - M.H.G ၊God Of Myaing (M.H.G တပ်ခွဲ)၊ ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)၊ ယင်းမာပင်ခရိုင် PDF တပ်ရင်း(၃)၊ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၆)၊ ယင်းမာပင်အခြေစိုက် ဒေါင်းနီတပ်ဖွဲ့၊ မုံရွာခရိုင် PDF တပ်ရင်း (၁)- M.P.D.F ၊ မုံရွာခရိုင်တပ်ရင်း (၅) - A.S.F နှင့် အခြား ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းအား ရှိရာ လက်နက်ဖြင့် ခုခံချေမှုန်းရင်း ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးခဲ့ရသော ဓမ္မဘက်တော်သား ပြည်သူ့သူရဲကောင်းများကို ကျွန်ပ်တို့ ပုလဲပြည်သူ့ကာကွယ်ရေး တပ်ရင်း (၆) - Guerilla Ranger ရဲဘော်များမှ အသက်နှင့်ထပ်တူ အလေးနီပါသည်။ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို နည်းလမ်းမျိုးစုံ နှောင့်ယှက်ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်အာဏာရှင်စနစ်အား မြန်မာ့မြေမှ အပြီးတိုင် ဖယ်ထုတ်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးအတွက် ကျွန်ပ်တို့ ဆက်လက်တိုက်ပွဲဝင်နေမည် ဖြစ်ကြောင်း ပြည်သူလူထုထံ သစ္စာအဓိဋ္ဌာန်ပြုပါသည်” လို့ ပုလဲ PDF တပ်ရင်း (၆) က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ သြဂုတ်(၁၁)ရက်ကနေ (၁၄)ရက်အထိ ရင်ပေါင်တိုင်ရွာနှင့် ပုထိုးသာရွာတွေ အပါအဝင် ပုလဲနှင့် ယင်းမာပင်နယ်စပ်က ရွာတွေကို ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်ကာ စီးနင်းခဲ့ပြီးနောက် ဒေသခံ ပြည်သူတွေ ဆယ်နှင့်ချီကာ ဖမ်းဆီး သ-တ်-ဖြတ်ခဲ့သလို ပြည်သူတွေကို ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ကာ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်း မီးရှို့နေတာ ဖြစ်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ပုလဲ #PDF #တိုက်ပွဲ #MRDA #ပကဖ