ကလေးနယ်က UG စခန်းကို စစ်အုပ်စုက စီးနင်း မီးရှို့ပြီး လယ်စိုက်နေတဲ့ ပြည်သူနှစ်ဦးကို ပစ်သ-တ်၊ UG စခန်းအနီးက ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး နေအိမ်တွေကို မီးရှို့၊

ကလေးနယ်က UG စခန်းကို စစ်အုပ်စုက စီးနင်း မီးရှို့ပြီး လယ်စိုက်နေတဲ့ ပြည်သူနှစ်ဦးကို ပစ်သ-တ်၊ UG စခန်းအနီးက ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး နေအိမ်တွေကို မီးရှို့၊

MFP ၊ သြဂုတ် - ၁၆

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ဒီမနက်ပိုင်း လေးအိမ်စု (မြောင်းလှ) ကျေးရွာအနီးက မြို့ပြပြောက်ကျား UG တပ်ဖွဲ့တစ်ခုရဲ့ စခန်းကို စီးနင်းမီးရှို့ခဲ့ပြီးနောက် လယ်စိုက်နေတဲ့ ဒေသခံပြည်သူ နှစ်ဦးကို ပစ်သ-တ် သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ သြဂုတ်(၁၆)ရက် မနက်(၆)နာရီကျော်အချိန် စစ်ကောင်စီ အကြမ်းဖက်သမား အင်အား (၅၀)ခန့် ဟာ ကလေးမြို့နယ် လေးအိမ်စု (မြောင်းလှ)ရွာအနီးက UG တပ်ဖွဲ့ရဲ့ စခန်းကို စီးနင်းခဲ့ပြီး UG ရဲဘော်တွေ လွတ်မြောက်သွားချိန် အနီးအနားမှာ ရှိနေတဲ့ ပြည်သူနှစ်ဦးကို ပစ်သ-တ်သွားတာလို့ ဆိုပါတယ်။

“ကလေးမြို့နယ် အတွင်းရှိ UG စခန်းတစ်ခုကို ယနေ့နံနက် (၆)နာရီခန့် အချိန်တွင် စစ်ခွေးများ ဝင်ရောက် စီးနင်းခဲ့ရာ UG ရဲဘော်များ ဘေးကင်းစွာ လွတ်မြောက်ခဲ့သော်လည်း UG စခန်း မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး လက်လုပ်ရိုင်ဖယ် တစ်လက်၊ ဖုန်း နှင့် ပစ္စည်းအချို့ ဆုံးရှုံးခဲ့ရပါတယ်။ စစ်ခွေးများဟာ UG စခန်းအနီးရှိ လယ်လုပ်နေသော အပြစ်မဲ့ ရွာသား နှစ်ဦးအား အကြောင်းမဲ့ ပစ်သ-တ်-သွားပါတယ်။ ထို့နောက် စစ်ခွေးများဟာ လေးအိမ်စု ကျေးရွှာသို့ ဝင်ရောက်ကာ ပြည်သူ့အိမ် နှစ်လုံးအား မီးရှို့ဖျက်ဆီးသွားသည်” လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF Kalay က ဖော်ပြပါတယ်။

ကလေးမြို့နယ် လေးအိမ်စုရွာထဲ ဝင်မွှေသောင်းကျန်း လုယက် မီးရှို့နေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ကလေး PDF၊ ကလေး ပကဖ နှင့် UG ရဲဘော်တွေက ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်အုပ်စုဟာ လက်ပံခုံ ကျေးရွှာက တဆင့် ကလေးမြို့ပေါ်က ဒကစ တပ်အတွင်း အမြန် ပြန်ဝင်သွားလို့ တိုက်ပွဲ ဖြစ်ပွားတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“ဒီနေ့ လေးအိမ်စု(မြောင်းလှ)ကို စစ်ကြောင်းထိုးတဲ့ အကြမ်းဖက် စစ်ခွေးတွေက တော်လှန်ရေး ရဲဘော်တွေရဲ့ ဒုတိယ မိသားစုလို ဖြစ်နေတဲ့ အိမ်ကို လုံးဝ ပြာပုံဖြစ်တဲ့အထိ မီးရှို့သွားခဲ့ပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေက စိတ်ဓါတ်မကျဘူး။ အားတင်းထားတယ် ဆိုပေမယ့် မိသားစုနဲ့အတူ မနေရတဲ့ အခုလို အချိန်မှာ မိဘလို ပြုစုစောင့်ရှောက်ပေးနေတဲ့ အိမ်က စစ်ခွေးတွေကြောင့် ပြာပုံဘဝ ရောက်သွားခဲ့ရလို့ ဝမ်းနည်းနေတာ တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ နိုင်သလောက် ထောက်ပံ့ချင်ပါတယ်။ အားလုံးရဲ့ အကူအညီကိုလည်း မျှော်လင့်ပါတယ်။ လှူပေးကြဖို့ Messenger မှာ ဆက်သွယ်ပေးကြပါဗျာ။ နည်းတယ်များတယ် မတွက်ကြပါနဲ့ဗျာ” လို့ Voice Of Kalay ကလည်း ဖော်ပြထားပါတယ်။

ကလေးမြို့နယ်က UG စခန်းကို စီးနင်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ ဒီမနက် (၇)နာရီခွဲက ကလေးမြိုနယ်၊ မြောင်းလှကျေးရွာအနီး တောင်ယာတဲတစ်ခုအတွင်းက လက်လုပ်စနိုက်ပါ တစ်လက်၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ လက်လုပ်မိုင်း သုံးလုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး (၁၇)လုံး၊ ယမ်းပျော့ (၂၅၀)ချောင်း၊ ပျောက်ကျားကျည်ကာ တစ်ထည်၊ ဆေးမျိုးစုံ (၃၁)ထုပ်၊ ပြောက်ကျား ယူနီဖောင်းတွေနှင့် ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ကလေးနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေပြီး ဒေသခံ ပြည်သူတွေကို စိတ်ထင်တိုင်း သ-တ်-ဖြတ်နေတာ ဖြစ်ပါတယ်။

ကလေးမြို့နယ် လေးအိမ်စု ရွာအနီးက UG စခန်းကို စစ်အုပ်စုက စီးနင်းမီးရှို့ပြီး လယ်စိုက်နေတဲ့ ဒေသခံပြည်သူ နှစ်ဦးကို သ-တ်-ဖြတ်ကာ လေးအိမ်စုရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားစဉ်/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #UG #ကလေးမြို့ #စခန်း #မီးရှို့ #ရွာ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ