ရေးသူ - သက်တန့် (MFP)၊ ဆောင်းပါး
- အပြုံးပန်းတွေ မပွင့်တော့မြို့၊
- ကလေးတွေ အုန်းအုန်းကျက်ကျက် ကျောင်းမတက်တော့တဲ့မြို့၊
- နာလေးနာနဲ့ စာအသင်အပြကောင်းတဲ့ ဆရာတွေ မရှိတော့တဲ့မြို့၊
- လူနာအပေါ် ငြင်သာပြီး ပညာတော်တဲ့ ဆရာဝန်တွေ ဆေးကုခွင့် မသာတဲ့မြို့။
- ငွေဝင်ကြမ်းတဲ့ စီးပွားရေးသမားတွေ စွန့်ခွာသွားတဲ့မြို့၊
- တက်ကြွရှေ့ရောက်တဲ့ လူငယ်တွေ ရိုက်ပုတ်အညွှန့်ချိုး နှင်ထုတ်ခံထားရတဲ့မြို့၊
- “အနောက်မြောက်တိုင်းမြို့တော်” ဆိုတဲ့ မုခ်ဦးကို ဖြတ်ဝင်လိုက်တာနဲ့ မောင်းတင်ထားတဲ့ သေနတ် လွယ်ပြီး ညှင်းသိုးသိုး မာထန်ထန် မျက်နှာပေးတွေ စောင့်ကြိုနေတဲ့မြို့၊
- ငွေရဖို့ ဘာမဆိုလုပ်မယ့် လူ့အန္တတွေ ကြီးစိုးထားတဲ့မြို့၊
- လူသတ်၊ လုယက်၊ ဓားပြ၊ ပြန်ပေးဆွဲမှုက သတင်းမဖြစ်တော့တဲ့မြို့၊
- မြို့လည်ခေါင်မှာ ရွှေထည်နဲ့ ခိုးရာပါပစ္စည်း အဝယ်ဒိုင်တွေ မှိုလိုပေါက်လာတဲ့မြို့၊
- လျှပ်စစ်မီးတွေ အရင်လို မလင်းတော့တဲ့မြို့၊
"မုံရွာမြို့ကြီးက တောနက်ကြီးထဲမှာ နိုင်ရာစား သတ္တဝါတွေ စားနေတဲ့ ပုံစံမျိုး ခံစားရတယ်။ အမဲဖျက်နေ သလိုကြီး။ မြို့ပျက် ဆိုတာထက်ကို သာတယ်"
မုံရွာမြို့ခံ လူလတ်ပိုင်းအရွယ် ကိုအောင်ပိုင်က အာဏာသိမ်း စစ်အုပ်စု ကြီးစိုးထားတဲ့ မုံရွာမြို့ရဲ့ လက်ရှိ အခြေအနေကို တောရိုင်း တိရစ္ဆာန်တွေ ကြီးစိုး သောင်းကျန်းနေတဲ့ နိုင်ရာစား တောနက်ကြီး အဖြစ် ခိုင်းနှိုင်း ပါတယ်။ ကိုအောင်ပိုင်က မုံရွာမြို့ခံ စီးပွားရေးသမား တစ်ယောက် ဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်း၊ ပွဲရုံလုပ်ငန်း၊ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းတွေနဲ့ နီးစပ်သူပါ။
"တော်တော် ကြောက်စရာကောင်းတဲ့ တောကြီးလို ဖြစ်နေတာ။ တောရိုင်းတိရိစ္ဆာန် မျိုးစုံရှိတဲ့ တောကြီးထဲကိုမှ ကိုယ်က ခွန်အားမရှိတဲ့ စားခံရတဲ့ တိရိစ္ဆာန်ထဲ ပါနေသလိုပဲ။ နေရတဲ့ဘဝက"
မုံရွာမြို့ကို နွေဦးတော်လှန်ရေးရဲ့ ဗဟိုချက်မအဖြစ် ရှု့မြင်နိင်ပါတယ်။ မုံရွာရဲ့ ပြောင်းလဲမှု၊ ဆုတ်ယုတ်မှု၊ နယ်မြေ စိုးမိုးမှုတွေဟာ နွေဦးတော်လှန်ရေးနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ စစ်အုပ်စုဟာ နွေဦးတော်လှန်ရေးကို ဖြိုခွင်းနိုင်ဖို့၊ အညာရဲ့ တော်လှန်ရေး မီးတောက်ကို ငြှိမ်းနိုင်ဖို့ မုံရွာကို စံပြအဖြစ် ဖိနှိပ်အကြမ်းဖက်ပါတယ်။ မုံရွာနဲ့ အညာကို ဆက်လက် ကြီးစိုးနိုင်ဖို့ စစ်အုပ်စုက တိုင်းမှူးနှစ်ယောက် ပြောင်းပြီးတော့ကို ကြိုးစားနေပါတယ်။ မုံရွာမြို့က စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကျတာနဲ့ စစ်ကိုင်း၊ မကွေး၊ စတဲ့ အညာ သာမက ချင်းပြည်နယ် အထိကို စစ်အုပ်စု လက်လွှတ်ရမှာ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ အနေနဲ့လည်း မုံရွာကို သိမ်းနိုင်တာနဲ့ အညာဒေသ တစ်ခုလုံးသာမက ဧရာဝတီမြစ် အနောက်ဘက်ခြမ်း၊ မြန်မာပြည်ရဲ့ အနောက်ဘက်ပိုင်း တစ်ပိုင်းလုံးကို အပိုင်သိမ်းနိုင်မှာလည်း ဖြစ်ပါတယ်။
- အညာရဲ့ မြို့တော် မုံရွာ
အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကို အစွဲပြုပြီး စစ်အုပ်စုက အနောက်မြောက်တိုင်းမြို့တော် အဖြစ် ခေါ်ဝေါတဲ့ မုံရွာမြို့ဟာ အာဏာမသိမ်းခင်က အလွန်စည်ကားခဲ့တဲ့ မြို့ကြီး တစ်မြို့ပါ။
မုံရွာမြို့ဟာ စတုရန်းကီလိုမီတာ (၁၂၀)ကျယ်ဝန်းပြီး မြို့ပေါ်ရက်ကွက် (၂၆)နဲ့ မြို့ပေါ်လူဦးရေ နှစ်သိန်းဝန်းကျင် နေထိုင်တဲ့ မြို့ ဖြစ်ပါတယ်။
မုံရွာ တစ်မြို့နယ်လုံးမှာ ကျေးလက်နေ လူဦးရေ အပါအဝင် လူဦးရေ (၃၇၀၀၀၀)ကျော်ရှိ ပြီး အဲ့ဒီ လူဦးရေရဲ့ (၅၅)ရာခိုင်နှုန်းဟာ မုံရွာမြို့ပေါ်မှာ နေထိုင်လုပ်ကိုင် စားသောက် ကြပါတယ်။
၂၀၁၀ ကစလို့ မုံရွာမြို့ဟာ တိုင်းအဆင့် ရုံးတွေ၊ ဌာနတွေ အခြေစိုက်ရာ တိုင်းမြို့တော် ဖြစ်လာပါတယ်။
အညာမှာ လူဦးရေ သိန်းဂဏန်း ရှိပြီး အတော်အတန် စည်ကားတဲ့ မြို့တွေ ရှိပေမယ့် လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး အရ အချက်အချာ ကျမှုမှာတော့ မုံရွာက အညာရဲ့ နံပတ်တစ် မြို့တော် ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက အစည်ကားဆုံး မြို့(၁၀)မြို့ စာရင်းမှာလည်း မုံရွာမြို့ အပါအဝင် ဖြစ်ခဲ့ပါတယ်။
ချင်းတွင်းမြစ်ခေါ် သလ္လာဝတီမြစ် အရှေ့ဘက်ကမ်းပေါ် မေးတင်ထားတဲ့ မုံရွာမြို့ဟာ ချင်းတွင်းမြစ်ရိုးတလျှောက် အကြီးဆုံး ဆိပ်ကမ်းမြို့ကြီးလည်း ဖြစ်ပါတယ်။ အညာဒေသထွက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ကောက်ပဲသီးနှံ မျိုးစုံဟာ မုံရွာမြို့ ပွဲရုံတွေကတဆင့် ချင်းတွင်း မြစ်ကြောင်းအတိုင်း အထက်ဘက် ကလေးဝကနေ အိန္ဒိယနယ်စပ်အထိ တင်ပို့သလို ချင်းတွင်းကနေ ဧရာဝတီမှသည် ရန်ကုန်ကို ပို့ပြီးတော့လည်း နိုင်ငံတကာနဲ့ ကုန်သွယ်ပါတယ်။ ဟုမ္မလင်း၊ ဖားကန့်ဒေသက တူးဖော်ထွက်ရှိတဲ့ ကျောက်စိမ်း ကျောက်မျက် ရတနာတွေဟာလည်း ချင်းတွင်း မြစ်ကြောင်းအတိုင်း မုံရွာဆိပ်ကမ်းကို ဆိုက်ရောက် လာလေ့ရှိပါတယ်။
မုံရွာမြို့ဟာ ချင်းတွင်းမြစ်ကို အခြေခံတဲ့ ရေကြောင်း ကုန်သွယ်ရေး သာမက လေဆိပ်ရှိသလို ကုန်းကြောင်းအရလည်း အချက်အခြာကျတဲ့ မြို့ပါ။ စစ်အာဏာမသိမ်းခင်ကတော့ မုံရွာမြို့ဟာ (၂၄)နာရီပတ်လုံး မနားတမ်း လည်ပတ်စည်ကားခဲ့တဲ့ မြို့ကြီးပါ။
မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆရာဖြစ် သင်တန်းကျောင်း၊ သူနာပြုတက္ကသိုလ်နဲ့ ကိုယ်ပိုင်ကျောင်းတွေလည်း ရှိတဲ့ မုံရွာမြို့ဟာ အညာရဲ့ ပညာရေးနဲ့ ကျန်းမာရေးမှာလည်း အချက်အချာ မြို့ကြီးပါ။ ကချင်၊ ချင်းနဲ့ နာဂတောင်တန်းတွေဆီက ကျောင်းသားတွေ မုံရွာ စီးပွားရေး တက္ကသိုလ်မှာ လာရောက် ပညာသင်ယူကြပါတယ်။
စစ်အာဏာသိမ်းပြီး နောက်မှာတော့ အရှိန်အဟုန်နဲ့ မောင်းနေတဲ့ ကားကို ဘက်ဂီယာ ထိုးလိုက်သလို မုံရွာမြို့ရဲ့ စီးပွားရေး၊ ပညာရေး၊ အုပ်ချုပ်ရေးပိုင်းတွေ အားလုံး ဖရိုဖရဲနဲ့ ရပ်တန့်သွားခဲ့ပါတယ်။ မုံရွာပြည်သူ့ဆေးရုံကြီး ဖွင့်လှစ်ထားပေမယ့် သွားရောက်ကုသသူ မရှိသလောက် ဖြစ်သွားပါတယ်။
စစ်အာဏာသိမ်းကာလ အချိန်ကြာလာတာနဲ့အမျှ အညာတော်လှန်ရေးရဲ့ ဗဟိုချက်မလို့ ဆိုရမယ့် မုံရွာမြို့ဟာ အရာရာ ဆုတ်ယုတ် ပျက်ယွင်းပါတော့တယ်။ စစ်အုပ်စု ကြီးစိုးထိန်းချုပ်မှုအောက်မှာ မုံရွာမြို့နေ ပြည်သူတွေရဲ့ ဘဝဟာလည်း သားရိုင်းတိရစ္ဆာန်တွေ ကြီးစိုးမင်းမူနေတဲ့ တောကြီးထဲ ရောက်နေရသလို ဘယ်အချိန် အိမ်တံခါး လာခေါက်မလဲ၊ ဘယ်တော့ ရန်ပြု အမဲဖျက်ခံရမလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေထိုင်ကြရတယ်လို့ ကိုအောင်ပိုင်က ဆိုပါတယ်။
- ပြန်ပေးဆွဲခံရမှု၊ ခိုးမှုနဲ့ ဓါးပြမှုတွေ
ဖုန်းနှစ်လုံးနဲ့ ဆိုင်ကယ်တစ်စီး ရဖို့ မီးဖွားကာနီး ကိုယ်ဝန်ဆောင်သည်ကို သတ်တဲ့ ဓားပြမှု ပြီးခဲ့တဲ့ ဩဂုတ်လက မုံရွာမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့ ထန်းတောရပ်ကွက်က နေအိမ်ကို အမျိုးသား ခြောက်ယောက်က နေ့ခင်းကြောင်တောင် စီးနင်း ဓားပြတိုက်ပြီး အိမ်ရှင် အသက်(၂၄)နှစ်အရွယ် ကိုယ်ဝန်ဆောင် (ကိုယ်ဝန်ရှစ်လ) အမျိုးသမီးကို သတ်ဖြတ်ကာ ဖုန်းနှစ်လုံးနဲ့ ဆိုင်ကယ် လုယက်ခဲ့တာပါ။
၂၀၂၃ မတ်လက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မုံရွာမြို့ကို ရောက်ရှိနေချိန် နေ့ခင်း(၁)နာရီမှာ မုံရွာမြို့ မိန်းလမ်းမကြီး ဖြစ်တဲ့ ဗိုလ်ချုပ်လမ်းပေါ်က နာမည်ကြီး ပေါ်ဦးရွှေဆိုင် ဓားပြတိုက် ခံရပါတယ်။ စစ်အုပ်စု ဂိတ်တွေနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ အဲ့ဒီ ရွှေဆိုင် နေ့ခင်းကြောင်တောင် ဓားပြမှုမှာ ကျပ်သိန်းထောင်ချီ အပါအဝင် ရွှေပိဿာချိန်နဲ့ချီ ပါသွားပါတယ်။
မင်းအောင်လှိုင် မုံရွာကို လာတဲ့ အဲ့ဒီ မတ်လအတွင်းမှာပဲ မုံရွာမြို့ အောင်မင်္ဂလာ ရပ်ကွက်က ဆိုင်ကယ် အပိုပစ္စည်းဆိုင် ဓားပြတိုက်ခံရမှူ၊ တိုင်းရင်းဆေးရုံလမ်းပေါ်က စားသောက်ဆိုင် ဓားပြတိုက်ခံရမှု၊ ပြည်တော်သာ ရပ်ကွက်က အလှပြင်ဆိုင်တွေ ဓားပြတိုက်ခံရမှု အပါအဝင် မုံရွာမြို့မှာ တစ်လအတွင်း ဓားပြမှု (၁၀)ခုထက်မက ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ နေ့လယ် (၁၂)နာရီမှာလည်း မုံရွာမြို့လယ် ပွဲစားတန်းလမ်း၊ စစ်အုပ်စုဂိတ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ စတိုးဆိုင်တစ်ဆိုင် ဓါးပြတိုက် ခံခဲ့ရပါတယ်။ မုံရွာမြို့လယ် ကန်သာယာမှာလည်း သမီးရည်းစား စုံတွဲ စကားပြောနေချိန် နေ့ခင်းကြောင်တောင် သေနတ်ဖောက်ပြီး ဆိုင်ကယ် လုယူသွားပါတယ်။ အဲ့ဒီ ဖြစ်စဥ်တွေက မုံရွာမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဓားပြမှုတွေထဲက တချို့တဝက်မျှသာ ဖြစ်ပါတယ်။ မုံရွာမှာ လူသတ်၊ လုယက်၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုတွေက မတောမသတ် ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာမှာတော့ မုံရွာမြို့က နာမည်ကြီး စတိုးဆိုင်ကြီးတွေ ပြန်ပေးဆွဲ ခံခဲ့ရပါတယ်။
"ပြန်ပေးဆွဲပြီးတော့ သိန်း(၅၀၀)ပေး။ သိန်း(၃၀၀)ပေး ဆိုပြီး လုပ်တာ။ မြို့သစ်က ကြည်စတား၊ စိန်ရတီ၊ နာရီပိုင်း အတွင်းကို သူတို့ (ပြန်ပေးဆွဲသူတွေ)က ရွေးခိုင်းတာ။ နေ့ခင်းကို လုပ်တာ။ မျက်ဖုံးနဲ့ လုပ်တာတောင် မဟုတ်ဘူး။ ဒီတိုင်း ပြောင်လာပြီးတော့ လုပ်တာ။ မျက်နှာဖုံးတောင် မပါဘူး"လို့ မုံရွာမြို့ခံ လူလတ်ပိုင်းအရွယ် ကိုကျော်လင်း (အမည်လွှဲ)က ပြောပါတယ်။ ကိုကျော်လင်းဟာလည်း မုံရွာမြို့အကြောင်း အတော်အတန် နှံ့စပ်တဲ့ မြို့ခံတစ်ဦးပါ။
သူဌေးသူကြွယ်အိမ်တွေ၊ ရွှေဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အဝတ်အထည်ဆိုင်တွေ၊ အလှပြင်ဆိုင်တွေ၊ ဝင်ငွေကောင်းသူတွေနဲ့ လူလတ်တန်းစား အိမ်တွေ အပါအဝင် နှစ်လုံး၊ သုံးလုံးဒိုင်တွေ အထိ ဓါးပြတိုက်တာ၊ ပြန်ပေးဆွဲတာနဲ့ လုယက်ခံရတာ ကြုံနေကြရတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
မုံရွာမြို့ပေါ် အဆိုးဆုံး ဖြစ်ပွားနေတာက ပေါ်တင် အနုကြမ်းစီး၊ ဓါးပြတိုက်တာ ဖြစ်ပြီး ပြန်ပေးဆွဲ ခံရပြီ ဆိုရင်လည်း ကျပ်သိန်း(၃၀၀၀)အထိ တောင်းတဲ့ ဖြစ်စဉ်မျိုးအထိ ကြုံရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
"မြို့ထဲမှာ အဆိုးဆုံးကတော့ ဘယ်အဖွဲ့ကမှန်း မသိဘဲ ပြန်ပေးဆွဲခံရတာ။ ငွေတောင်းခံရတာ။ ဓားပြတိုက် ခံရတာ။ ခိုးခံရတာ။ အဲကိစ္စတွေက အဆိုးဆုံးတွေပေါ့။ ခေါင်းစဉ်လည်း တပ်လို့ မရဘူး။ ဘယ်သွားတိုင်လို့ တိုင်ရမှန်းလည်း မသိဘူး။ ဘယ်ဘက်က လာလုပ်မှန်းလည်း မသိဘူး ဆိုတာမျိုးတွေ"လို့ ကိုကျော်လင်းက ပြောပါတယ်။
မုံရွာမြို့ပေါ်က စီးပွားရေး လုပ်ငန်းတွေရဲ့ သုံးပုံ တစ်ပုံလောက်အထိ ပြန်ပေးဆွဲ ခံရတာ၊ ဓါးပြတိုက်ခံရတာ၊ ခိုးယူ ခံရတာတွေ ကြုံတွေ့ခဲ့ရပြီး ဖြစ်မယ်လို့ ကိုကျော်လင်းက ခန့်မှန်းပါတယ်။
အဲ့ဒီ ဓားပြမှု၊ လူသတ်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ ပတ်သက်ပြီး စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူနိုင်တာ မရှိသလောက် နည်းပါးပါတယ်။ တနိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ မုံရွာမြို့ ထန်းတောရပ်ကွက်က မီးဖွားကာနီး ကိုယ်ဝန်ဆောင်သည် အမျိုးသမီးကို သတ်ကာ ဖုန်းနဲ့ဆိုင်ကယ် လုယက်ခဲ့တဲ့ လူသတ်၊ ဓားပြမှု ကျူးလွန်သူတွေကိုတောင်မှ ဒေသခံ တော်လှန်ရေး တပ်တွေက ဖမ်းဆီး အရေးယူခဲ့ရတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ လူမနေတဲ့ နေအိမ်တွေ အများအပြား ရှိလာပါတယ်။ အဲ့ဒီ လူမနေတဲ့ အိမ်တွေဆိုရင်တော့ တံခါးတွေ ချိုးဖျက်ပြီး လိုချင်တဲ့ ပစ္စည်းကို ပေါ်တင် ယူဆောင်တာမျိုးတွေ ကြုံနေရပြီး အဲ့ဒီလို နေအိမ်ထဲ ဝင်ရောက် ခိုးယူ လုယက်သူတွေကို စစ်အုပ်စုက ဖမ်းဆီးတာ မရှိဘဲ လွှတ်ပေးထားတာမို့ သာမန်ပြည်သူတွေ အနေနဲ့ ဘာမှ မပြောရဲဘဲ လက်ပိုက် ကြည့်နေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
"ဘယ်လောက်ထိ အခြေအနေ ဆိုးလဲဆိုရင် သူတို့က ခိုးတာကို မဟုတ်တော့ဘူး။ လိုက်ထရပ်တို့ ဆိုက်တွဲတို့နဲ့ တချို့ အိမ်တို့ ဘာတို့ဆိုရင် လူမရှိဘူး။ စိတ်ကြိုက်ကို ဖွင့်ဝင်။ ပေါ်တင်ကို သူတို့ ရချင်တာယူ။ ကားနဲ့ တိုက်ယူတဲ့ အဆင့် အဲလို ဖြစ်ကုန်တာ"လို့ ကိုကျော်လင်းက ပြောပါတယ်။
တချို့ ဖြစ်စဥ်တွေဆိုရင် ပြည်သူတွေအနေနဲ့ သူတို့အိမ်ကို သူခိုးခိုးနေတာ သိလျက်နဲ့ အသက်ကိုပါ ရန်ရှာမှာ ကြောက်ရလို့ ဒီတိုင်း လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
မုံရွာမြို့ နန္ဒဝန်ရပ်ကွက်က အိမ်တစ်အိမ်ဆိုရင် အိမ်မှာရှိတဲ့ ကလစ်ဆိုင်ကယ် နှစ်စီး လာခိုးတာ သိနေတာတောင် မပြောရဲလို့ ဒီတိုင်း ကြည့်နေလိုက်ရတယ်လို့ ရပ်ကွက်ခံတွေက ဆိုပါတယ်။
"ကျနော်တို့နားက အိမ်ဆိုရင် သားနှစ်ယောက် ရှိတယ်။ အရွယ်ကောင်းတွေ။ ည ဆိုင်ကယ်ဝင်ခိုးတာ ကလစ် နှစ်စီးလေ။ ခိုးတာ သိတော့ကြတော့ ကြောက်လည်း ကြောက်တော့ အဟန့်ဆိုပြီး ချောင်းဟန့်သံ ပေးလိုက်တာ။
ဘာဟန့်တာလဲ။ သတ္တိရှိ ဆင်းခဲ့ဆိုတော့ ဒီတိုင်းကို ခိုးတာ မဟုတ်တော့ဘူး။ ပေါ်တင်ကို ပေးလိုက်ရတာ။ ဘာမှ မလုပ်ဝံ့ဘူး"လို့ အဲ့ဒီ နဒ္ဒဝန်ရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပြင်မှာ ကွက်သစ်ရိုက်ထားတဲ့ သံဇကာတွေ ခိုးဖြုတ်တာ၊ မီးကြိုးတွေ ခိုးဖြတ်ခံရတာတွေ အပြင် အိမ်ပြင် ခြံစည်းရိုးမှာ အလှစိုက်ထားတဲ့ ပန်းအိုးတွေပါ အခိုးခံနေရတယ်လို့ ဆိုပါတယ်။ ရောင်းစားလို့ရတဲ့ ပစ္စည်းမှန်သမျှ အခိုးခံရတော့တာပဲလို့ မြို့ခံတွေက ပြောပါတယ်။
"ရှေ့နေတွေတောင်မှ သိန်း(၃၀၀) တောင်းခံရတယ်။ နာမည်ကြီး ရှေ့နေ မဟုတ်ဘူးနော်။ တကယ့် ဆရာကြီး ရှေ့နေတွေ မဟုတ်သေးဘူး။ ရှေ့နေ တစ်ယောက်ဆိုရင် သူ့ကိုဖမ်းပြီး ပြန်ပေးဆွဲခံရတာ သိန်း(၁၈၀၀)ကျော် ပါသွားတယ်"လို့ မုံရွာ ရှေ့နေအသိုင်းအဝိုင်းမှာ ဝင်ဆံ့သူတစ်ဦးက ပြောပါတယ်။
မုံရွာမှာ ဖြစ်ပွားနေတဲ့ ခိုးမှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုတွေနဲ့ ပတ်သက်ပြီး တချို့ကိစ္စရပ်တွေသာ လူသိရှင်ကြား ဖြစ်ပြီး ဖြစ်စဉ် အများစုကတော့ လူမသိ၊သူမသိ ရေငုံနှုတ်ပိတ် နေကြရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ လူသိရှင်ကြား ဖြစ်သွားရင် တရားမျှတမှု ရဖို့ထက် အသက်ကို ရန်ပြုမှာ ကြောက်ရတာ၊ ပိုမို အရှက်ကွဲရမှာ စတာတွေကြောင့် လူသိ မခံဝံ့ဘဲ ကြိတ်ခံ ကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အမှန်တကယ်တော့ စစ်အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုက မုံရွာမြို့အနှံ့ ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့ကာ ဂိတ်တွေ ဖွင့်ပြီး (၂၄)နာရီမပြတ် စောင့်ကြပ် စစ်ဆေးနေခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီလို စစ်အုပ်စု အစောင့်အကြပ် အပြည့်နဲ့ နေရာစုံ ကင်းဂိတ်တွေ ချထားတဲ့ မုံရွာမြို့မှာ ပြန်ပေးဆွဲခံရတာ၊ ဓါးပြတိုက်ခံရတာ၊ လုယက်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာ၊ အမျိုးသမီးငယ်တွေ ပျောက်ဆုံးသွားတာ စတဲ့ အကြောင်းအရာ တွေဟာ မုံရွာမြို့မှာ အပတ်စဥ်လိုလို မကြားချင်အဆုံး ကိစ္စရပ်တွေ ဖြစ်လာနေပါတယ်။
အဓိကအားဖြင့် မုံရွာမြို့က စစ်အုပ်စု ဂိတ်ဖွင့်တပ်စွဲတဲ့ နေရာတွေအနီး၊ စစ်အုပ်စု အထိုင်ချတဲ့ ရပ်ကွက်တွေမှာ ဓားပြမှု၊ လူသတ်မှု၊ လုယက်မှုတွေ အဖြစ်များတယ်လို့လည်း မြို့ခံတွေက ဆိုကြပါတယ်။
- ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတွေကို ဘယ်သူတွေက ကျူးလွန်နေတာလဲ
အာဏာသိမ်း စစ်အုပ်စုက မုံရွာမြို့ရဲ့ ဝင်ထွက်ပေါက်တွေ အားလုံးနဲ့ မြို့တွင်း အဓိက လမ်းမကြီးတွေမှာ ဂိတ်တွေ ဖွင့်ပြီး ဖမ်းဆီးစစ်ဆေးတာ၊ ငွေညှစ်တာတွေ (၂၄)နာရီမပြတ် လုပ်နေပါတယ်။ စစ်အုပ်စု ဂိတ်တွေကြောင့် သာမန် မြို့ခံလူထုအနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့ မရဘဲ ပိတ်ဆို့ စစ်ဆေး ခံနေရပါတယ်။
အဲ့ဒီလို အခြေအနေမှာ ခိုး၊ဆိုး၊ လုယက်မှုတွေ ကျူးလွန်ဖို့ အခွင့်အရေး ရသူတွေက စစ်အုပ်စု ကိုယ်တိုင်၊ စစ်အုပ်စုက ထောင်ကနေ လွှတ်ပေးပြီး လက်နက်ပေးကာ လက်သပ်မွေးထားတဲ့ ပျူတွေ၊ စစ်အုပ်စုက ဖွဲ့ထားတဲ့ PDF အမည်ခံ ရောင်တော်ပြန် အဖွဲ့တွေနဲ့ ဇတ်ပျက် PDF တွေ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဇတ်ပျက် PDF ဆိုတာကတော့ PDF ထဲ ဝင်ပြီးကာမှ စေတနာနဲ့ လုပ်ရပ် မမှန်လို့ PDF ဖြစ်မလာဘဲ သူခိုးဂျပိုး ဖြစ်သွားသူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ မုံရွာမြို့မှာ အခု လတ်တလော သတင်းထွက်နေတာက ခိုးတာ၊ ဝှက်တာ၊ လုယက်တာနဲ့ ပြန်ပေးဆွဲတာတွေမှာ ဇတ်ပျက် PDF တွေ ပါဝင်နေတယ်ဆိုတဲ့ အခြေအနေပါ။
"ရောင်းတော်ပျံနဲ့ ရွက်လွှင့်တဲ့ ကောင်တွေ အများကြီးပါတယ်။ တချို့ PDF နာမည်ခံပြီး အဲဒါမျိုး မရှိဘူးလား ဆိုတော့ ရှိတယ်။ အဲဒါမျိုးကောင်တွေ လုပ်တဲ့ဟာလည်း ပါတယ်။ သေနတ်က ငယ်ငယ်တုန်းက လေးဂွထက် ပေါသွားတာကိုး။ လက်တိုလက်တောင်း ရရင်ကို ဓါးပြတိုက်စားလို့ ရနေတာ။ အဲလိုဖြစ်သွားတာ အခြေအနေက" လို့ မုံရွာမြို့ ခံတစ်ဦးက ပြောပါတယ်။
- စစ်အုပ်စုရဲ့ ငွေညှစ်ဂိတ်တွေ
မုံရွာမြို့တွင်းမှာ အဓိကကျတဲ့ မိန်းလမ်းမကြီး ငါးခုရှိပြီး အဲဒါတွေက ကျောက္ကာလမ်း၊ ပြည်ထောင်စုလမ်း၊ ဗိုလ်ချုပ်လမ်း၊ သာစည်လမ်းနဲ့ မြို့ပတ်လမ်းတွေ ဖြစ်ပါတယ်။ အဲ့ဒီ လမ်းတွေက မုံရွာမြို့ရဲ့ ဝင်ထွက်ပေါက်နဲ့ ချိတ်ဆက်နေတဲ့ လမ်းမကြီးတွေ ဖြစ်ပြီး အဲဒီ လမ်းတွေပေါ်မှာ စစ်အုပ်ရဲ့ ဂိတ်တွေ အများအပြား ဖွင့်ထားပါတယ်။
စစ်အုပ်စုက မုံရွာမြို့ပေါ် ဂိတ်တွေဖွင့်ပြီး ငွေညှစ်နေတဲ့ အခြေအနေကို မြင်သာအောင် ဖော်ပြရင် မုံရွာမြို့ရဲ့ အရှေ့ဘက်၊ အရာတော်မြို့နယ် ဘက်ကနေ ဝင်ထွက်ပေါက်လမ်း ဖြစ်တဲ့ ကျောက္ကာလမ်းမှာဆိုရင် စစ်အုပ်စုရဲ့ ငွေညှစ်ဂိတ် အနည်းဆုံး ငါးဂိတ်ရှိပါတယ်။ ကျောက္ကာလမ်းဟာ ကျောက္ကာရွာ - မုံရွာ စီးပွားရေးတက္ကသိုလ် - ပြည်ထောင်စုလမ်းဆုံ အထိမှ ငါးမိုင်လောက်သာ ရှည်တဲ့ လမ်းပါ။ စစ်အုပ်စုဟာ မုံရွာစီးပွားရေး တက္ကသိုလ် ရှေ့မှာ ဂိတ်နှစ်ဂိတ်၊ မြို့ထဲဝင်လာပြီး မိုင်တဲရုံးရှေ့နဲ့ မိုးဃ်ကောင်းဘုရားလို့ ခေါ်တဲ့ မြဝတီရပ်ကွက် အုပ်ချုပ်ရေးရုံး ရှေ့မှာ ဂိတ်နှစ်ဂိတ်၊ ကျောက္ကာလမ်းနဲ့ ပြည်ထောင်စုလမ်း ဆုံရာ မီးပွိုင့်မှာ ဂိတ်တစ်ဂိတ် ဖွင့်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို နေ့စဉ် ဖမ်းဆီးငွေညှစ်လေ့ ရှိပါတယ်။
ဗိုလ်ချုပ်လမ်းပေါ်မှာ ဆိုရင်လည်း မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ မြို့တော်ခန်းမမှာ စစ်အုပ်စု ငွေညစ်ဂိတ်တွေ ဖွင့်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ ဖမ်းဆီးငွေညှစ် နှောင့်ယှက်ပါတယ်။ ဒါ့အပြင် ယင်းမာပင်နယ်ကနေ ချင်းတွင်းတံတားကို ဖြတ်ပြီး မုံရွာမြို့ကို ဝင်မယ်ဆိုရင်လည်း အောင်မိုးကုန်းမှာ ဂိတ်သုံးဂိတ်လောက် ချထားပါတယ်။ ချင်းတွင်းတံတား အနီးဝန်းကျင်မှာကိုပဲ စစ်အုပ်စုရဲ့ ငွေညှစ်ဂိတ် ရှစ်ဂိတ် ထက်မနည်း ရှိနေပါတယ်။
စစ်အုပ်စုက အဲ့ဒီလို မြို့အနှံ့ ဂိတ်ဖွင့်ငွေညှစ် ရန်ပြုတာကြောင့် မြို့ခံပြည်သူတွေဟာ စစ်အုပ်စု ဂိတ်တွေနဲ့ မိန်းလမ်းမတွေကို ရှောင်ကွင်းပြီး လမ်းကြို လမ်းကြားကနေ သွားလာ ကြရပါတယ်။ ပြည်သူက ဂိတ်တွေကို ရှောင်ကွင်းလာတဲ့အခါ စစ်အုပ်စုက ရပ်ကွက် လမ်းကြိုလမ်းကြားအထိ ပိတ်ဆို့ပြီး ရတဲ့နည်းနဲ့ ဖမ်းဆီး ငွေညှစ်တာတွေ ဆက်လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"သူတို့ တောင်းချင်တဲ့အချိန် ထွက်တောင်းတယ်။ ဆိုင်ကယ်တစ်စီး ဘယ်လောက်ဆို ဘယ်လောက် ပေးခဲ့ရတယ်။ မပေးလို့ရှိရင် ရွေးရတာ မချောင်ဘူး။ သူတို့ စစ်ပြီဆိုတာနဲ့ အပြစ်လွတ်ဖို့တော့ မစဉ်းစားနဲ့၊ ဘာမှ မလုပ်ထားလည်း အပြစ်လွတ်ဖို့က မရှိဘူး။ ငါဘာမှ လုပ်မထားဘူး။ ဖုန်းထဲ ဘာမှမပါဘူး ဆိုပြီး အပြစ်လွတ်ပြီလို့ မထင်နဲ့။ ဟိုဟာကြောင့်မို့ ဒီဟာကြောင့်မို့ ပြောပြီးတော့ အဓိကကတော့ သူတို့ စစ်ပြီဆိုတာနဲ့ ပိုက်ဆံ ပေးရတော့တာပဲ။ မပေးချင်လို့ မရဘူး။ ငါ နိုင်ငံရေးနဲ့ ကင်းရှင်းတယ်ဆိုပြီး သွားလို့လည်း မရဘူး"လို့ ကိုအောင်ပိုင်က ဆိုပါတယ်။
မုံရွာမှာ ဂိတ်ဖွင့်ငွေညှစ်တဲ့ စစ်အုပ်စုဟာ မူးရူးနေသူတွေ အများစု ဖြစ်ပြီး ပြည်သူကို သေနတ်နဲ့ချိန်ကာ ပါးစပ်ထဲ ရှိသလောက် ငွေတောင်းကြောင်းနဲ့ မြို့တွင်းမှာ အဖမ်းခံရသူတွေ ကျပ်သောင်းပိုင်း၊ သိန်းပိုင်းလောက် ပေးရင် ပြန်လွတ် ပေမယ့် မြို့ဝင်ဂိတ်တွေမှာ ဆိုရင်တော့ သိန်းဆယ်ဂဏန်းအထိ ငွေညှစ်တယ်လို့ ဆိုပါတယ်။
ဂိတ်ဖွင့်ငွေညှစ်တဲ့ စစ်အုပ်စုဟာ အမျိုးသမီးကြီးတွေ၊ အဘိုးအဘွား အရွယ်တွေကို ငါကိုင်တုတ် ဆဲဆို ကြိမ်းမောင်းလေ့ ရှိပြီး အမျိုးသမီးငယ်တွေကိုတော့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ လူငယ် အမျိုးသားတွေ ဆိုရင် ဒူးထောက်၊ ခေါင်းပေါ်လက်တင်ကာ ပုံစံ ထိုင်ခိုင်းပြီး ရိုက်နှက် ကန်ကျောက် မိုက်ကြေးခွဲတာတွေ လုပ်လေ့ ရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
မုံရွာမြို့အနှံ့ အမျိုးသားနှစ်ယောက်ပိုး ဆိုင်ကယ်မစီးဖို့ စစ်အုပ်စုက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက ကန့်သတ် တားမြစ် ထားပြီး ဆိုင်ကယ်နှစ်ယောက်တွဲ စီးသူတွေကို ထင်တိုင်းကျဲ ပစ်သတ်နေတာကြောင့် သေဆုံးသူ (၂၀) ထက်မနည်း ရှိနေပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။
- မြို့ကို စွန့်ခွာသွားကြသူတွေ
စစ်အုပ်စုရဲ့ လက်နက်နဲ့ အနိုင်ကျင့် ဖိနှိပ်မှုတွေ၊ ပြန်ပေးဆွဲခံရတာတွေ၊ ဓါးပြတိုက်ခံရတာတွေနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ထူပြောလာချိန်မှာ မုံရွာမြို့က သူဌေးသူကြွယ်တွေ သာမက လူလတ်တန်းစားတွေပါ မြို့ကို စွန့်ခွာကြပါတယ်။
"မုံရွာမှာ ဇီးသီးလောကမှာ နာမည်ကြီးသူ အဲဒီလူ ဒီမြို့ မနေရဲတော့ဘူး။ မြို့သစ်မှာ အိမ်ခြံမြေ ဆရာကြီး၊ ဒီမြို့မှာ မနေရဲတော့ဘူး။ ဒီမြို့မှာ အိမ်ဝင်းစာချုပ်တွေ ခဏခဏချုပ်တဲ့ ရှေ့နေတစ်ယောက် မုံရွာမြို့မှာ မနေတော့ဘူး။ သူ့ရှေ့နေ သူငယ်ချင်းတွေလည်း မနေတော့ဘူး။ အိမ်ခြံမြေ ပွဲစားတွေဆိုလည်း ဒီမြို့မှာ ခေါင်းပြားအောင် မအိပ်ရတော့ဘူး။ ပြောင်းသွားပြီ"လို့ ကိုအောင်ပိုင်က ပြောပါတယ်။
ငွေကြေးအခက်အခဲ၊ မိသားစု အခက်အခဲကြောင့် အပြောင်းအရွှေ့ မလုပ်နိုင်သူတွေလောက်သာ မြို့ပေါ်မှာ ကျန်ရစ်ပြီး မြို့ကလည်း တစတစ တိတ်ဆိတ် ခြောက်ကပ်လာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
လက်ရှိ မုံရွာမြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ စျေးဆိုင်တွေ ဆိုရင်လည်း ခိုး၊ဆိုး၊ လုယက်သူတွေကို ကြောက်ရလို့ ဝင်းခြံတွေ အထပ်ထပ်ကာ၊ တံခါးတွေ ပိတ်ပြီး ဈေးရောင်း နေကြရပါတယ်။ မျက်နှာစိမ်း စျေးဝယ်လာရင် စျေးမရောင်းရဲတော့ဘဲ ငြင်းလွတ်တာ များတယ်လို့ ဆိုပါတယ်။
"စီးပွားရေး တော်တော်များများက ကြောက်ကြောက်လန့်လန့်နဲ့ ဆိုတော့ အိမ်ရှေ့မှာကိုက ဝင်းတစ်ထပ် ထပ်ကာ ပြီးတော့ အိမ်ထဲကနေ ရောင်းနေရတယ်။ စတိုးဆိုင်တွေမှာလည်း တစ်ထပ်ကာတယ်။ ရွှေဆိုင်တွေက နှစ်ထပ် ကာတာ"လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
လက်ရှိ မုံရွာမြို့မှာ ညနေ(၆)နာရီ ထိုးတာနဲ့ လမ်းပေါ် လူမရှိတော့ဘဲ မြို့ခံတွေ အိမ်ပြင် မထွက်ရဲကြတော့ပါဘူး။ နေ့ခင်းဘက်တွေမှာလည်း အလုပ်သွားအလုပ်ပြန်သူတချို့က လွဲလို့ လမ်းပေါ် လူ သိပ်မရှိတော့ဘူးလို့ ဆိုပါတယ်။
"ဟို ပုံမှန်အခြေအနေနဲ့စာရင် တော်တော်ကို ခြောက်တောက် သွားတာပေါ့။ နယ်ကားတွေ အများကြီး မလာတော့ ဘူးလေ။ မဖြစ်နိုင်တဲ့အဆုံးမှ လာတော့တဲ့ နယ်ကားတွေ ရှိတာကိုး။ အဲတော့ တော်တော်တော့ ခြောက်တောက် သွားတာပေါ့။ ဉပုသ်နေ့လို ဟာမျိုးဆို လမ်းပေါ်မှာ လူကို မရှိတော့တာ"လို့ ကိုကျော်လင်းက ပြောပါတယ်။
လက်ရှိ မုံရွာမြို့မှာ ကျန်ရှိနေကြဆဲ မိသားစု တွေဟာလည်း စားဝတ်နေရေးအရ ပြောင်းရွှေ့ဖို့ အခြေအနေ မပေးလို့သာ ဆက်လက် အောင့်အီး နေကြရတာ ဖြစ်ပြီး လူ(၁၀)ယောက်ကို မေးရင် ရှစ်ယောက်လောက်က မြို့က ထွက်သွားချင်တယ်လို့သာ ဖြေကြလိမ့်မယ်လို့ မြို့ခံတွေက ပြောပါတယ်။