မြောင်နှင့် ရေစကြိုက စည်ကားတဲ့ ရွာကြီးတွေကို စစ်အုပ်စုက ဆက်လက် လုယက် ဓားပြတိုက် မီးရှို့နေ၊ အိမ်ခြေ ထောင်ချီတဲ့ ပရိမ္မနှင့် မြစ်ဆုံရွာ ဒီနေ့ ဓားပြတိုက် မီးရှို့ခံနေရပြီး တစ်ပတ်အတွင်း မီးရှို့ခံရတဲ့ရွာ (၁၀)ရွာကျော် ရှိလာ၊

မြောင်နှင့် ရေစကြိုက စည်ကားတဲ့ ရွာကြီးတွေကို စစ်အုပ်စုက ဆက်လက် လုယက် ဓားပြတိုက် မီးရှို့နေ၊ အိမ်ခြေ ထောင်ချီတဲ့ ပရိမ္မနှင့် မြစ်ဆုံရွာ ဒီနေ့ ဓားပြတိုက် မီးရှို့ခံနေရပြီး တစ်ပတ်အတွင်း မီးရှို့ခံရတဲ့ရွာ (၁၀)ရွာကျော် ရှိလာ၊

MFP ၊ နိုဝင်ဘာ - ၁၂

စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသက စည်ပင်ဖွံ့ဖြိုးပြီး အိမ်ခြေ ထောင်ချီရှိတဲ့ ကျေးရွာကြီးတွေကို စစ်အုပ်စုက လက်နက်အားကိုးနဲ့ စီးနင်းဝင်မွှေ ဓားပြတိုက် မီးရှို့နေပြီး ကျေးရွာအတွင်းက တန်ဘိုးကြီး ပစ္စည်းတွေကိုလည်း ခိုးယူ သယ်ထုတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ နိုဝင်ဘာ(၆)ရက်ကတည်းက အင်အား(၃၀၀)ကျော်နဲ့ အဖွဲ့တွေခွဲကာ မြောင်နယ်နှင့် ရေလည်ကျွန်းဒေသက ရွာတွေထဲ လုယက် ဓားပြတိုက် မီးရှို့နေတာ ဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ(၁၂)ရက်မှာ အိမ်ခြေထောင်ချီရှိတဲ့ မြောင်နယ် ပရိမ္မရွာနှင့် မြစ်ဆုံရွာတွေကို လုယက် ဓားပြတိုက် မီးရှို့နေတယ်လို့ ဆိုပါတယ်။

“အရင်လို မီးရှို့ပြီး ထွက်သွားတာမျိုး မဟုတ်ဘဲ သီးသန့်ကို တစ်ရွာပြီး တစ်ရွာ လိုက်ရှို့နေတဲ့ သဘောပဲ။ ဒီနေ့ မြစ်ဆုံရွာကို ရွာကြီးရော၊ ရွာမရော မီးရှို့နေတာ ကုန်ပြီ။ ပရိမ္မရွာလည်း ဒီနေ့ မီးရှို့ခံရတာ ကုန်ပြီ” လို့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ရွာထဲဝင် စီးနင်းဓားပြတိုက် မီးရှို့တာတွေ မလုပ်မီ ကနဦးအနေနဲ့ လက်နက်ကြီးတွေနဲ့ ခြောက်လှန့် ပစ်ခတ်ပြီး ပြည်သူတွေ ထွက်ပြေးချိန်မှာ ရွာအတွင်း ဝင်ရောက်ပြီးနောက် တစ်အိမ်တက်ဆင်း မွှေနှောက် ဖောက်ထွင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူ လုယက် သယ်ထုတ်ပြီးကာမှ စိမ်ပြေနပြေ ရွာလုံးကျွတ် မီးရှို့နေတာလို့ ကိုယ်တိုင် မီးရှို့ခံရတဲ့ မြောင်နယ် ဆူးလေးကုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ရွာတွေကို ဓားပြတိုက် လုယက် မီးရှိ့ပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို စက်လှေနဲ့ ရေစကြိုမြို့ဘက် သယ်ယူ နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဓားပြတိုက် မီးရှို့လို့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် မကွေးတိုင်း ရေစကြိုနယ် ရေလည်ကျွန်းဒေသက နနွင်းကိုင်း၊ ဆင်ခြေယာ၊ မာကလာခြံ၊ မြေစွန်းတော်၊ ရွှေတချောင်း၊ ဆူးလေကုန်း၊ သုခဒီပ ခေါ် သူဌေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ မြစ်ဆုံ၊ ပရိမ္မ စတဲ့ ကျေးရွာ (၁၀)ရွာထက်မနည်း မီးလောင်ပြာကျခဲ့ပြီး ဖြစ်ပါတယ်။

စစ်အုပ်စု ဆက်လက်သောင်းကျန်းနေဆဲမို့ တစ်ရွာချင်းစီရဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ် မသိရသေးဘဲ သောင်းချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။

စစ်အုပ်စု လုယက် ဓားပြတိုက် မီးရှို့နေတဲ့ မြောင်နယ် ပရိမ္မရွာ (ပုံဟောင်း)/Photo – Wiki

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြောင် #ရေစကြို #ရေလည်ကျွန်း #ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ