မေမြို့နဲ့ နောင်ချိုအစပ်မှာ စစ်အုပ်စုနဲ့ Mandalay PDF နှစ်ရက်ဆက် တိုက်ပွဲဖြစ်၊ အရာရှိ အပါ စစ်ကောင်စီ သစ္စာခံ (၂၀) ကျော် သေပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

မေမြို့နဲ့ နောင်ချိုအစပ်မှာ စစ်အုပ်စုနဲ့ Mandalay PDF နှစ်ရက်ဆက် တိုက်ပွဲဖြစ်၊ အရာရှိ အပါ စစ်ကောင်စီ သစ္စာခံ (၂၀) ကျော် သေပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

MFP ၊ နိုဝင်ဘာ - ၁၂

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အစပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်အုပ်စုနဲ့ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ခဲ့ပြီး အရာရှိအဆင့်တွေ အပါအဝင် စစ်ကောင်စီသစ္စာခံ (၂၀)ကျော် သေကာ ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) - Mandalay PDF ပြောခွင့်ရှိသူ ရဲဘော်မိုးကြိုးက ပြောပါတယ်။

နိုဝင်ဘာ (၈) ရက်နဲ့ (၉) ရက်တို့မှာ စစ်အုပ်စုရဲ့ ခမရ (၅၀၂) နဲ့ (၅၀၃) က အင်အား (၂၀၀) ဝန်းကျင်ကို သုံးဖွဲ့ခွဲကာ မေမြို့နဲ့ နောင်ချိုအစပ်က ကျေးရွာတွေဘက် စီးနင်းလုယက် သောင်းကျန်းပြီး လာရောက်တိုက်ခိုက်ရာက Mandalay PDF နဲ့ တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုက လက်နက်ကြီးတွေ အလွန်အကျွံ အသုံးပြုခဲ့တယ်လို့လည်း Mandalay PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးကြိုးက ပြောပါတယ်။

နိုဝင်ဘာ (၈) ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း တိုက်ပွဲတွေမှာ စကစ ငါးဦး သေပြီး လေးဦး ဒဏ်ရာရကာ နိုဝင်ဘာ (၉) ရက် နေ့လယ်ပိုင်း တိုက်ပွဲမှာတော့ စကစဘက်က (၂၀)ဦး သေပြီး ဒဏ်ရာရသူလည်း (၂၀)ဝန်းကျင် ရှိတယ်လို့ ရဲဘော်မိုးကြိုးက ဆိုပါတယ်။

အဲဒီ နှစ်ရက်တာတိုက်ပွဲအတွင်း Mandalay PDF တပ်ဖွဲ့ဝင် အသက် (၂၀) ကျော်အရွယ် ရဲဘော်မှန်လေး (ခ) ဇော်ဝင်းမောင် ကျဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွင်းကလည်း မေမြို့နဲ့ နောင်ချိုအစပ်မှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အထိနာကာ စကစတွေ သေဆုံးသူနဲ့ ဒဏ်ရာရသူ စုစုပေါင်း (၁၀၀)ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ အထိနာပြီးနောက် စစ်အုပ်စုက ရဟတ်ယာဥ်သုံးပြီး ပစ်ခတ်ခဲ့သလို ဒေသခံပြည်သူတွေကို ရန်ပြုသောင်းကျန်းတာကြောင့် ပြည်သူတွေ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး - Mandalay PDF တပ်ဖွဲ့ဝင်များ/Photo - Mandalay PDF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြင်ဦးလွင် #နောင်ချို #MandalayPDF #MDY_PDF #ရဲဘော်မှန်ကြီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ