ချောက်မြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး (၇)ဦး သေဆုံးကာ (၁၂)ဦး ဒဏ်ရာရ၊ မင်္ဂလာဆောင်ဖို့ အသွား ယာဉ်တိုက်မှု ဖြစ်တာလို့ဆို၊

ချောက်မြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး (၇)ဦး သေဆုံးကာ (၁၂)ဦး ဒဏ်ရာရ၊ မင်္ဂလာဆောင်ဖို့ အသွား ယာဉ်တိုက်မှု ဖြစ်တာလို့ဆို၊

MFP ၊ အောက်တိုဘာ - ၂၉

မကွေးတိုင်း၊ ချောက်မြို့နယ်၊ သြဇာတောကျေးရွာအနီး၊ ရေနံချောင်း - ကျောက်ပန်းတောင်း ကားလမ်းမှာ ဒီမနက် (၆)နာရီဝန်းကျင်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ်ပါသူ (၇)ဦး သေဆုံးကာ (၁၂)ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၉)ရက် မနက်(၆)နာရီက ရေနံချောင်း - ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၃၇၈/၇)အနီးမှာ ရပ်ထားတဲ့ FUSO အမျိုးအစား(အဖြူကြား)(၁၂)ဘီးကားကို လားရာတူ ယာဉ်ကြောအတိုင်း မောင်းနှင်လာတဲ့ CANTER အမျိုးအစား(အဖြူရောင်)ကားက နောက်ကနေ ဝင်တိုက်မိတာလို့ ဆိုပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုကြောင့် ကန်တာကားပေါ်ပါ အမျိုးသား (၁၀)ဦးနှင့် အမျိုးသမီး (၉)ဦးအနက် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၄)ဦး၊ စုစုပေါင်း (၇)ဦး သေဆုံးကာ ကျန်(၁၂)ဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဟာ မကွေးတိုင်း ချောက်မြို့နယ်၊ သံဘိုကျေးရွာအုပ်စု၊ စမ်းရိုးရွာက ဖြစ်ပြီး မင်္ဂလာဆောင်ဖို့အတွက် သွားရောက်ချိန် ယာဉ်တိုက်မှု ဖြစ်တာလို့ နီးစပ်သူတွေက ဆိုပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပွားတဲ့ နေရာမှာ ကားလမ်းကလည်း ကျဉ်းမြောင်းပြီး လမ်းဘေးမှာ သဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပြီး ယာဉ်တိုက်မှု ဖြစ်ပွားရတဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ(၁၄)ရက် ညဦးပိုင်းကလည်း မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း - မိတ္ထီလာ ကားလမ်းမှာ ကားစက်ပျက်လို့ လမ်းဘေးရပ်ထားတဲ့ ကန်တာအမျိုးအစား ကုန်တင်ကားကို ရှောင်တိမ်းရာက ပုဂံမင်းသားနှင့် သန်မြန်သူ ခရီးသည်တင် ကားနှစ်စီး မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။

ချောက်မြို့နယ်ထဲ ဒီမနက် ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု/Photo - MFSD

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောက်ပန်းတောင်း #ယာဉ်တိုက်မှု 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ