တမူးမြို့မှာ (၁၀)နှစ်အရွယ် မိန်းကလေးငယ်ကို အိမ်နီးချင်း ခြံစောင့်က မြေအောက်ခန်းထဲ ဖမ်းဆီးချုပ်နှောင်၊

တမူးမြို့မှာ (၁၀)နှစ်အရွယ် မိန်းကလေးငယ်ကို အိမ်နီးချင်း ခြံစောင့်က မြေအောက်ခန်းထဲ ဖမ်းဆီးချုပ်နှောင်၊

MFP ၊ အောက်တိုဘာ - ၂၃

စစ်ကိုင်းတိုင်း တမူးမြို့၊ စော်ဘွားရပ်ကွက်မှာ အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အိမ်နီးချင်း ခြံစောင့် အလုပ်သမား အသက်(၄၀)အရွယ် အမျိုးသားက မြေအောက်ခန်းထဲ ဖမ်းဆီးချုပ်နှောင်ထားမှု ဖြစ်ပွားခဲ့ပြီး နေ့ချင်း ပြန်လည်ရှာဖွေ ကယ်တင်နိုင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

မနေ့က အောက်တိုဘာ(၂၂)ရက် မနက်(၇)နာရီက တမူးမြို့၊ စော်ဘွားရပ်ကွက်၊ (၁၁/ခ)ရပ်ကွက်နေ အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း မိခင်က လာရောက်တိုင်တန်းလို့ စစ်ဆေးရှာဖွေရာ အိမ်နီးချင်း ခြံစောင့်အမျိုးသားတစ်ယောက်က ကလေးငယ်ကို ဖမ်းဆီးထားပြီး မြေအောက်ခန်းထဲ ချုပ်နှောင်ထားချိန် ပြန်ရှာတွေ့ခဲ့တာလို့ စစ်အုပ်စုက ဆိုပါတယ်။

ကလေးငယ် ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး စစ်အုပ်စုနှင့် ဒေသခံတွေက လိုက်လံရှာဖွေတာ၊ နီးစပ်ရာ မေးမြန်းစုံစမ်းရာကနေ မသင်္ကာဖွယ် အသက်(၄၀)အရွယ် လှဝင်း ဆိုသူကို ဖမ်းမိခဲ့ပြီး ၎င်းကို စစ်ဆေးရာကနေ ညနေ(၃)နာရီအချိန်မှာ မြေအောက်ခန်းထဲ ဖမ်းဆီးခံထားရတဲ့ ကလေးငယ်ကို ရှာဖွေတွေ့ရှိပြီး ကယ်ထုတ်နိုင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

လှဝင်း ဆိုသူဟာ တမူးမြို့၊ စော်ဘွားရပ်ကွက်၊ (၁၁/ခ)ရပ်ထဲက ခြံတစ်ခြံမှာ ခြံစောင့်အဖြစ် လုပ်ကိုင်သူ ဖြစ်ပြီး ၎င်းအစောင့်ကျနေတဲ့ ခြံဝန်းထဲမှာ မြေကျင်းတူးပြီး အခန်းပုံစံ ဖွဲ့စည်းကာ ကလေးငယ်ကို ဖမ်းဆီး ချုပ်နှောင်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသက်(၁၀)နှစ်အရွယ် ကလေးငယ်ကို မြေအောက်ခန်းထဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ လှဝင်းကို အရေးယူဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့ စစ်အုပ်စုက သတင်း ထုတ်ပြန်ထားပါတယ်။

ကလေးငယ်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ မြေအောက်ခန်းနှင့် ကျူးလွန်သူ လှဝင်း ဆိုသူကို တွေ့ရစဉ်/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တမူး #ကလေးငယ် #မြေအောက်ခန်း #ဖမ်းဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ