မြောင်မှာ စစ်အုပ်စုက ရွာကို နှစ်ဖက်ညှပ် စီးနင်းလို့ မြစ်ထဲ ထွက်ပြေးရတဲ့ ပြည်သူတွေ စက်လှေ လက်နက်ကြီးထိမှန်လို့ ငါးဦး ပျောက်ဆုံးနေ၊

မြောင်မှာ စစ်အုပ်စုက ရွာကို နှစ်ဖက်ညှပ် စီးနင်းလို့ မြစ်ထဲ ထွက်ပြေးရတဲ့ ပြည်သူတွေ စက်လှေ လက်နက်ကြီးထိမှန်လို့ ငါးဦး ပျောက်ဆုံးနေ၊

MFP ၊ အောက်တိုဘာ - ၂၂

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေပေါက်ပင်ရွာမှာ ဒီမနက်ပိုင်း စစ်အုပ်စုက နှစ်ဖက်ညှပ်ပိတ် စီးနင်းလို့ ဒေသခံပြည်သူတွေ မြစ်ကြောင်းအတိုင်း ထွက်ပြေးရာ စစ်အုပ်စုက လက်နက်ကြီးနဲ့ လိုက်လံပစ်ခတ်တာကြောင့် လှေတစ်စီး နစ်မြုပ်ပြီး ပြည်သူ ငါးဦး ပျောက်ဆုံးနေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေး တပ်ဖွဲ့ - CDSOM က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၂)ရက် မနက်(၄)နာရီကျော်မှာ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုနှင့် မြင်းမူဘက်က လာတဲ့ စကစတွေဟာ ရွှေပေါက်ပင်ရွာ အပါအဝင် အနီးဝန်းကျင်ရွာတွေထဲ နှစ်ဖက်ညှပ်ပိတ် စီးနင်းဝင်မွှေ သောင်းကျန်းတာလို့ ဆိုပါတယ်။

"မြောင်နယ်တွင်းသို့ စစ်ကြောင်း နှစ်ကြောင်း ပြိုင်ဝင်လာခဲ့ရာ၊ မြင်းမူနယ် မှ ရွှေပေါက်ပင်ရွာသို့ တစ်ကြောင်း၊ ကျောက်ရစ်စခန်းမှ နနွန်းကိုင်း၊ ဆူးလေကုန်းနှင့် သနပ်ကုန်းရွာတို့သို့ တစ်ကြောင်း၊ လက်နက်ကြီးငယ်များ တရစပ် ပစ်ခတ် ဝင်ရောက်လာခဲ့ပါသည်။ ကျောက်ရစ်ဘက်မှ ထွက်သောစစ်ကြောင်းအတွက် ပြည်သူများ အချိန်မီ ရှောင်တိမ်းနိုင်လိုက်ကြသဖြင့် သေကြေ ထိခိုက်မှု မရှိခဲ့ပေ။ ရွှေပေါက်ပင်ဘက်သို့ ဝင်လာသောစစ်ကြောင်းကြောင့် လတ်တလေ ာသိရသော သတင်းအရ စစ်ကြောင်းလာသဖြင့် စက်လှေဖြင့် ထွက်ပြေးသော လူ ခြောက်ဦးပါ စက်လှေအား စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စက်လှေပေါ် တည့်တည့်ကျ၍ စက်လှေမှာ နစ်မြုပ်ပျက်စီးကာ ငါးဦးမှာလည်း ရေတွင်နစ်မြုပ် ပျောက်ဆုံးပြီး တစ်ဦးသာ အသက်ရှင်လျှက် တွေ့ရှိရသည်" လို့ မြောင် CDSOM ခေါင်းဆောင် ကိုနွေဦးက ဆိုပါတယ်။

ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ မသိရသေးဘဲ စစ်အုပ်စုကလည်း ဆက်လက်စီးနင်းသောင်းကျန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်အုပ်စုက ရွှေပေါက်ပင်ရွာထဲ စီးနင်း သောင်းကျန်းနေဆဲ ဖြစ်ပြီး ဒေသခံပြည်သူတွေ၊ မိသားစုတွေ တကွဲတပြားစီ ထွက်ပြေးနေရတယ်လို့ ကိုနွေဦးက ဆိုပါတယ်။

စစ်အုပ်စုဟာ မြောင်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲ စီးနင်းသောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်နေပါတယ်။

အောက်တိုဘာ(၁၉)ရက်ကလည်း မြောင်မြို့နယ် ရွှေဘုံသာကျေးရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီးနောက် အသက်(၅၀)ဝန်းကျင်အရွယ် ဒေသခံအမျိုးသား တစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

မြောင်မြို့နယ် မြစ်ကမ်းတနေရာမှာ တွေ့ရတဲ့ ဒေသခံပြည်သူတွေ (ပုံဟောင်း)/Photo - ကိုနွေဦး - မြောင်

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #ပြည်သူ #စစ်ပြေး #ရွှေပေါက်ပင်ရွာ #CDSOM #စက်လှေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ