ရန်ကုန် အင်းစိန်ထောင် ပေါက်ကွဲမှု ဖြစ်ပြီးနောက် မန္တလေးအိုးဘိုထောင်မှာ ထောင်ဝင်စာ ပို့ခွင့်ပိတ်၊

ရန်ကုန် အင်းစိန်ထောင် ပေါက်ကွဲမှု ဖြစ်ပြီးနောက် မန္တလေးအိုးဘိုထောင်မှာ ထောင်ဝင်စာ ပို့ခွင့်ပိတ်၊

MFP ၊ အောက်တိုဘာ - ၁၉

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်၊ ထောင်ဝင်စာ ပါဆယ်လက်ခံတဲ့ နေရာမှာ ဒီမနက်ပိုင်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားပြီးနောက် မန္တလေး အိုးဘိုအကျဉ်းထောင်မှာလည်း စစ်အုပ်စုက ထောင်ဝင်စာ ပို့ခွင့်ပိတ်လိုက်ပြီး ပေးပို့တဲ့ ထောင်ဝင်စာတွေ လက်မခံတော့ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

“ ထောင်ဝင်စာပါဆယ်တွေ အခု နေ့လယ်ပိုင်းက စပြီး ပိတ်လိုက်ပြီလို့ သိရတယ်။ ဘယ်နေ့အထိ ပိတ်မယ်ဆိုတာတော့ မပြောဘူး “ လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၉)ရက် မနက်(၉)နာရီခွဲက ရန်ကုန်မြို့၊ အင်းစိန်ထောင် ထောင်ဘူးဝရှေ့ ထောင်ဝင်စာ ပါဆယ်လက်ခံတဲ့ နေရာမှာ ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီးနောက် စစ်အုပ်စုက သောင်းကျန်းရမ်းကား ပစ်ခတ်လို့ ထောင်ဝန်ထမ်း သုံးဦးနှင့် ထောင်ဝင်စာလာပို့တဲ့ ပြည်သူ ငါးဦး သေဆုံးကာ အခြား ပြည်သူ (၁၃) ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန် အင်းစိန်နှင့် မန္တလေး အိုးဘိုအပါအဝင် အကျဉ်းထောင်တွေမှာ ယခင် အကျဉ်းသားတွေအပြင် စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပါ ကိုဗစ်အကြောင်းပြပြီး မိသားစုနဲ့ တွေ့ဆုံခွင့် ပိတ်ပင်ထားတာကြောင့် ထောင်ဝင်စာပစ္စည်းပေးပို့မှုကိုပဲ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ ထောင်ကျနေတဲ့သူဆိုတာ အပြင်ကပို့တဲ့ ထောင်ဝင်စာကိုပဲ အားထားနေရတာလေ၊ အခုလို ထောင်ဝင်စာပါဆယ်တွေ ပိတ်လိုက်ပြီဆိုတာ ပိုပြီး ဖိနှိပ်ချင်တဲ့သဘောလို့ပဲ မြင်ပါတယ်။ ညစ်ပတ်တာပေါ့ “ လို့ မန္တလေးမြို့က နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိ မန္တလေးအိုးဘိုထောင် ရှေ့မှာ လုံခြုံရေး တင်းကျပ်ထားတာ မရှိပေမယ့် ထောင်ဝန်းကျင်မှာ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေ အဆင်သင့်ရှိနေပြီး ညပိုင်းတွေမှာ ကားနဲ့ လှည့်တာမျိုးတွေ လုပ်ဆောင်တတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အင်းစိန်ထောင် ပေါက်ကွဲမှု မဖြစ်ခင်ကတည်းက မန္တလေးအိုးဘိုထောင် အပါအဝင် မန္တလေးတိုင်းထဲက ထောင်တွေမှာ စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသားတွေကို အငြိုးထားဖိနှိပ်နေပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးတာ၊ အဓမ္မအလုပ်ခိုင်းစေတာ၊ စစ်ကောင်စီ သ္စစာခံ ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို ငွေညှစ်တာတွေ ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အင်းစိန်ထောင် #ပေါက်ကွဲ #အိုးဘိုထောင် #ထောင်ဝင်စာပိတ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ