ကသာမှာ NUG အစိုးရ မြို့နယ်တရားရုံး စတင်ဖွင့်လှစ်၊

ကသာမှာ NUG အစိုးရ မြို့နယ်တရားရုံး စတင်ဖွင့်လှစ်၊

MFP ၊ အောက်တိုဘာ - ၁၆

စစ်ကိုင်းတိုင်း ကသာမြို့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြို့နယ်အဆင့် တရားရုံး စတင်ဖွင့်လှစ်လိုက်ပြီလို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

"အမျိုးသားညီညွတ်ရေး အစိုးရ၏ ကသာမြို့နယ် မြို့နယ်တရားရုံးအား အောက်တိုဘာ(၁၅)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်" လို့ ကသာ ပကဖ က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မေ(၁၉)ရက်မှာ စစ်ကိုင်းတိုင်းက ကသာမြို့နယ်၊ ကောလင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ အင်းတော်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကနီမြို့နယ်၊ ဝက်လက်မြို့နယ်၊ အရာတော်မြို့နယ်၊ မြင်းမူမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ခင်ဦးမြို့နယ်၊ တမူးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်၊ စုစုပေါင်း (၁၅)မြို့နယ်မှာ NUG အစိုးရရဲ့ မြို့နယ်တရားသူကြီးအဖွဲ့တွေ ခန့်အပ်လိုက်ပြီး စက်ရှင်တရားစီရင်ရေး အာဏာ အပ်နှင်းကြောင်း NUG ယာယီသမ္မတ ဒူဝါလရှိလ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ ကသာမှာ မြို့နယ် တရားရုံး တရားဝင် ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ တရားစီရင်ရေး ကိစ္စတွေ ဆောင်ရွက်နေပြီ ဖြစ်ပြီး စုစုပေါင်း အမှုအခင်း (၁၁၀)ကျော်ကို စစ်ဆေးဆောင်ရွက်နေပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ အောက်တိုဘာ(၈)ရက်မှ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ထုတ်ပြန်ပြောကြားထားပါတယ်။

NUG ထိန်းချုပ်နယ်မြေတွေမှာ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တရားစီရင်ရေးကိစ္စတွေ ဆောင်ရွက်နေတာ ဖြစ်ပြီး တရားသူကြီးတွေ၊ ဥပဒေ အရာရှိတွေကိုလည်း ခန့်အပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ကသာမြို့နယ် တရားရုံးဟာ NUG ရဲ့ ပထမဆုံး မြို့နယ် တရားရုံး ဟုတ်၊ မဟုတ်ကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NUG #ကသာ #မြို့နယ်တရားရုံး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ