ဝက်လက်နယ် အရှေ့ခြမ်း၊ ဘုရားလေးကုန်းရွာအနီး ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ စီးနင်းခံရမှု အနည်းဆုံး ရှစ်ဦး သေဆုံး၊ PDF စခန်းကို စီးနင်းတာ ဖြစ်ပြီး အလောင်း ရှစ်လောင်းနှင့် လက်နက်ခဲယမ်းတွေ ရရှိလို့ စစ်အုပ်စုက သတင်းဖြန့်၊

ဝက်လက်နယ် အရှေ့ခြမ်း၊ ဘုရားလေးကုန်းရွာအနီး ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ စီးနင်းခံရမှု အနည်းဆုံး ရှစ်ဦး သေဆုံး၊ PDF စခန်းကို စီးနင်းတာ ဖြစ်ပြီး အလောင်း ရှစ်လောင်းနှင့် လက်နက်ခဲယမ်းတွေ ရရှိလို့ စစ်အုပ်စုက သတင်းဖြန့်၊

MFP ၊ အောက်တိုဘာ - ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြိုနယ် အရှေ့ခြမ်းက ဘုရားလေးကုန်းနှင့် ငါးပွတ်ချောင်းရွာတွေဘက်ကို မနေ့က နေပလည်ပိုင်းမှာ စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံ အနည်းဆုံး ရှစ်ဦး သေဆုံးတယ်လို့ သတင်း ရရှိပါတယ်။

ဝက်လက်နယ် ဘုရားလေးကုန်းရွာထဲ လေကြောင်းကနေ ဗုံးကြဲပစ်ခတ် စီးနင်းခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ PDF စခန်းကို စီးနင်းတာဖြစ်ကြောင်းနှင့် အလောင်း ရှစ်လောင်း အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

ဝက်လက်မြိုနယ်၊ ဘုရားလေးကုန်းကျေးရွာအနီး PDF စခန်း တစ်ခုကို တိုက်ခိုက်ရာမှာ အလောင်း ရှစ်လောင်းနှင့်အတူ အမ်-၇၉ ဗုံးပစ်လောင်ချာ ၁ လက်၊ KIA ၆၀ မမ ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၆ လုံး၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ စနက်တံ ၉ ချောင်း၊ ကျည်ဆံများ၊ ကျည်အိမ်များ၊ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၁ လုံး၊ အိုင်ကွန် ၂ လုံး၊ အားသွင်းခုံ ၂ လုံး၊ လေ့ကျင့်ရေးသေနတ် ၂ လက်၊ ပြောက်ကျားယူနီဖောင်း ၁၅၀ စုံ၊ တောစီးဖိနပ် ၄၂ ရံ၊ ရေစက် ၁ လုံး၊ မီးစက် ၁ လုံး၊ KIA ၁ပွင့်ပါ ပခုံးဒေါက် ၁ စုံ၊ ထမင်းပေါင်းအိုး ၁ လုံး၊ ကျောပိုးအိတ် ၁၅ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်၊ ဆိုင်ကယ် ၇ စီး၊ သတ္တုရေဘူး ၇ ဘူး၊ သင်တန်းဆောင် ၂ လုံး၊ စားချက်ဆောင် ၁ လုံး၊ စတိုဆောင် ၁ လုံးနှင့် လူနေတဲ ၇ လုံးတိုအား သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။

လက်ရှိအချိန်ထိ ဝက်လက်နယ် အရှေ့ခြမ်းက ရွာတွေကို စစ်အုပ်စုက ဝင်မွှေသောင်းကျန်းနေဆဲမို့ ပြည်သူတွေ ထွက်ပြေးနေရပြီး အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ဧရာဝတီ မြစ်ကမ်းဘေး၊ ရှိမ္မကားရွာ အနီးဝန်းကျင်က ဘုရားလေးကုန်းနဲ့ ငါးပန်ချောင်းရွာတွေကို မနေ့က နေ့လည်ပိုင်း ဖက်ဆစ်တပ်က လေကြောင်းနှင့် ရေကြောင်းကနေ ပစ်ခတ်စီးနင်းခဲ့တာ ဖြစ်ပြီး ပြည်သူတွေ ပိတ်မိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၈)ရက် မနက်ပိုင်းမှာ မတ္တရာနှင့် စဉ့်ကူးနယ်ကတဆင့် ဖက်ဆစ်တပ်တွေဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ငါးပန်းချောင်းရွာကို စီးနင်းဝင်မွှေ သလို နေ့လည် (၁)နာရီလောက်မှာလည်း ရဟတ်ယာဉ် ငါးစီးနဲ့ လေကြောင်းကနေ ပစ်ခတ်ဗုံးကြဲပြီး အင်အားချကာ ငါးပန်ချောင်းနှင့် ဘုရားလေးကုန်းရွာတွေထဲ ရုတ်တရက် စီးနင်းတာလို့ ဆိုပါတယ်။

ရဟတ်ယာဉ် နှစ်စီးက ရဟတ်ယာဉ်ပေါ်ကနေ တရစပ် ပစ်ခတ်ကာ သုံးစီးက အနီးဝန်းကျင်ကရွာတွေမှာ ဖက်ဆစ်တပ်သားတွေ ချထားပြီး စီးနင်းတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းကနေ ရုတ်တရက် စီးနင်း ပစ်ခတ်မှုကြောင့် ပြည်သူတွေ ထွက်ပြေးချိန် မရလိုက်ဘဲ အများအပြား ပိတ်မိနေကြောင်းနှင့် လက်ရှိအချိန်ထိ စစ်အုပ်စုက အဲ့ဒီ ရွာတွေထဲ ရှိနေဆဲ ဖြစ်ပြီး ထိခိုက်သေဆုံးမှုနဲ့ နောက်ဆက်တွဲ အခြေအနေတွေ ဘာမှ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ ဝက်လက်နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ထားပြီး ပြည်သူကို ပစ်မှတ်ထားကာ အကြမ်းဖက် သတ်-ဖြတ် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ဘုရားလေးကုန်း #ငါးပန်ချောင်း #လေယာဉ် #ရဟတ်ယာဉ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ