စစ်အုပ်စုနဲ့ ပစ်ခတ်မှုဖြစ်ပြီး ကျောက်ဆည် KDDF တပ်ဖွဲ့ခေါင်းဆောင် ကိုရာဇာမင်း ပျောက်ဆုံးနေ၊ ဆက်စပ်သူတွေ ရှောင်ကြဖို့ သတိပေး၊

စစ်အုပ်စုနဲ့ ပစ်ခတ်မှုဖြစ်ပြီး ကျောက်ဆည် KDDF တပ်ဖွဲ့ခေါင်းဆောင် ကိုရာဇာမင်း ပျောက်ဆုံးနေ၊ ဆက်စပ်သူတွေ ရှောင်ကြဖို့ သတိပေး၊

MFP ၊ အောက်တိုဘာ - ၈

မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ ဒီနေ့ မနက် (၃)နာရီခန့်က ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ KDDF ခေါင်းဆောင် ကိုရာဇာမင်း ရှိရာနေရာကို စစ်အုပ်စုက စီးနင်းဝင်မွှေ သောင်းကျန်းရာက အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး KDDF ခေါင်းဆောင် ကိုရာဇာမင်း ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ကျောက်ဆည်မြို့ပြင်တစ်နေရာမှာ ရောက်နေတဲ့ ကိုရာဇာမင်းကို စစ်အုပ်စုက ပစ်ခတ်ဖမ်းဆီးဖို့ ကြိုးစားချိန် အပြန်အလှန် ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး အဲဒီနောက် အဆက်အသွယ် ပြတ်တောက်သွားတာလို့ ဆိုပါတယ်။

အဆက်အသွယ် ပြတ်နေတဲ့ KDDF ခေါင်းဆောင်နဲ့ ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ် အခြေအနေတွေ အတည်မပြုနိုင်သေးပါဘူး။

KDDF ဟာ ကျောက်ဆည်နယ်ထဲ အခြေပြု လှုပ်ရှားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ (၅) ရက်မှာ ကူမဲမြို့ တလိုင်းကုန်းရွာက စကစခန့် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို ရှင်းလင်းခဲ့တာ၊ စက်တင်ဘာ (၁၇) ရက်မှာ ကျောက်ဆည်မြို့ပေါ်က ဇီဝနည်းပညာသုတေသနဌာနကျောင်းဝင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ KDDF က ထုတ်ပြန်ထားပါတယ်။

ယခုရက်ပိုင်း ကျောက်ဆည်၊ မြစ်သားနယ်က ဒေသခံပြည်သူတွေ ဆက်တိုက် ဖမ်းဆီးခံနေရပြီး အောက်တိုဘာ(၃)ရက်က ကျောက်ဆည်မြို့နယ် တ့တားဦးကုန်းရွာက NLD ပါတီဝင် အမျိုးသမီးတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီး ညတွင်းချင်း ညှဉ်းပန်း သတ်-ဖြတ်ခဲ့သလို နောက်တနေ့မှာလည်း ကျောက်ဆည်နယ် အနောက်ပိုင်းက ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား သုံးဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပါတယ်။ မနေ့ကလည်း မြစ်သားနယ်က ဆယ်ချီတဲ့ ဒေသခံတွေ ဖမ်းဆီးခံရတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်း စစ်အုပ်စုဟာ မန္တလေးတိုင်းအတွင်းက ပြောက်ကျားတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာ၊ ဖမ်းဆီးခံရသူတွေကတစ်ဆင့် ခြေရာခံ ထပ်မံဖမ်းဆီးတာတွေကြောင့် လူငယ် အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအနက် ပြောက်ကျားခေါင်းဆောင်အချို့ကို သ-တ်ဖြ-တ်ခဲ့တယ်လို့ စစ်အုပ်စုလော်ဘီတွေက သတင်းဖြန့်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောက်ဆည် #KDDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ