ကလေး၊ သူငယ်တွေရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လို ဖျောက်ဖျက် ကုစားပေးကြမလဲ။

ကလေး၊ သူငယ်တွေရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လို ဖျောက်ဖျက် ကုစားပေးကြမလဲ။

MFP ၊ အောက်တိုဘာ (၁)

ရေးသူ - အေမီဝေး

ထိတ်လန့်တုန်လှုပ်စရာဖြစ်ရပ်တွေကို မျက်မြင်ကြုံခဲ့ကြရတဲ့ ကလေးငယ်တွေမှာ စိတ်ဒဏ်ရာ တွေ ရှိနေတတ်ပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက် ကြုံခဲ့ကြရတဲ့ ဖြစ်ရပ်တွေပေါ်မူတည်ပြီး ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ စိတ်ဒဏ်ရာတွေ အတိမ်အနက် မတူကြပါဘူး။

အနိဌာရုံမြင်ကွင်းတွေ၊ အဖြစ်အပျက်ဆိုးတွေနဲ့ ကြုံခဲ့ကြရပြီး စိတ်ဒဏ်ရာတွေ ရခဲ့တဲ့ ကလေးငယ်တွေ၊ ဆယ်ကျော်သက်ကလေးတွေမှာ မြင်ရလေ့ရှိတဲ့ လက္ခဏာတွေကတော့ -

ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်တွေကို မကြာခဏ ပြန်ပြောနေတတ်ခြင်း

အိပ်မက်ဆိုးတွေ ခဏခဏမက်ခြင်း

ကမ္ဘာကြီးတစ်ခုလုံးက မလုံခြုံဘူးလို့ ထင်နေခြင်း

ဒေါသဖြစ်လွယ်ခြင်း၊ စိတ်အပြောင်းအလဲမြန်လာခြင်း

အာရုံစူးစိုက်မှု နည်းလာခြင်း။

အစာစားချင်စိတ်များလာခြင်း (သို့မဟုတ်) အိပ်ရေးပျက်လာခြင်း။

လူတွေနဲ့  နီးနီးကပ်ကပ်နေရတဲ့အပေါ်  စိတ်ပျက်လာခြင်း

လူတွေနဲ့ဝေးရာမှာသာနေလိုခြင်း

ကျယ်လောင်ပြီးဆူညံတဲ့ နေရာတွေရဲ့ အဝေးကို ထွက်ပြေးချင်နေခြင်း။

ကလေးငယ်လေးတွေမှာဆိုရင် ကြီးထွား၊ဖွံ့ဖြိုးမှုမရှိသေးတဲ့ အချိန်တွေက အမူအကျင့်တွေ ( ဥပမာ- အမေကိုတအားတွယ်ကပ်တာ၊ အိပ်ယာထဲဆီးသွားတာ၊ လက်မ စုပ်တာတွေလို မကောင်းတဲ့ မဖွံ့ဖြိုးသေးတဲ့ အပြုအမူတွေကို) လုပ်ခြင်း

အိပ်ရခက်ခြင်း။

ဆယ်ကျော်သက်အရွယ်တွေမှာ အရက် သို့မဟုတ် မူးယစ်ဆေးဝါးတွေ သုံးစွဲလာခြင်း။

နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဖို့ ပျက်ကွက်လာခြင်း။ (ဥပမာ - ကျောင်းသွားတာ၊ သူငယ်ချင်းတွေနဲ့ ကစားတာတွေ မလုပ်တော့တာ) စတဲ့ အပြုအမူ လက္ခဏာတွေ ပဲ ဖြစ်ပါတယ်။  

ဒီလို ထိတ်လန့်တုန်လှုပ်စရာဖြစ်ရပ်တွေကို မျက်မြင်ကြုံခဲ့ကြရလို့ စိတ်ဒဏ်ရာတွေပြည့်နေတဲ့ ကလေးငယ်တွေအတွက် အထောက်အပံ့ဖြစ်စေမယ့် လမ်းညွှန်ချက်တချို့ကို စိတ်ပညာရှင်တွေ နဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ စုပေါင်းပြီး အကြံပြုထားပါတယ်။

လတ်တလော နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေ ဆိုးရွားပြင်းထန်နေတဲ့ မြန်မာနိုင်ငံ အတွင်း ဒေသအသီးသီးက ကလေးတွေ ခံစားနေကြရတဲ့ စိတ်ဒဏ်ရာဆိုးတွေကို လျော့နည်းစေဖို့နဲ့ ပျောက်ကင်းစေဖို့အတွက်လည်း အထောက်အကူဖြစ်နိုင်လို့ ကလေးမိဘတွေ၊ အုပ်ထိန်းသူတွေ လုပ်ဆောင်ရမယ့် အကြံပြုချက်တွေကို အသက်အပိုင်းအခြားအလိုက် ဖော်ပြပေးထားပါတယ်။

ကလေးဟာ မွေးကင်းစကနေ (၂)နှစ်အတွင်း ဆိုရင်-

(၁) မိဘ၊အုပ်ထိန်းသူတွေ ကိုယ်တိုင်က စိတ်တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားပါ။ ဘယ်လောက်စိတ်ဖိစီး၊ စိုးရိမ်ပူပန်စရာတွေ ရှိနေပါစေ ကလေးကို ညှင်ညှင်သာသာ စကားပြောပေးပါ။

(၂) ကလေးကို ပုံမှန်အချိန်တွေအတိုင်းပဲ ဆက်လက် ပြုစုစောင့်ရှောက်ပါ။

(၃)  နို့တိုက်နေပါက ဆက်လက် နို့တိုက်ပါ။ နို့တိုက်ကျွေးဖို့ မိခင်ဖြစ်သူကိုယ်တိုင်က ကျန်းမာနေဖို့ လိုအပ်လို့ စိတ်ရော၊လူရော ကျန်းမာအောင်နေပါ။

(၄) ကလေးရဲ့ မျက်လုံးကိုကြည့်ပြီး ကလေးနဲ့ မိခင် ခိုင်မာတဲ့ အဆက်အသွယ် ရယူပါ။ မကြာခဏ ပြုံးပြတာ၊ ပွတ်သပ်ချော့မြူတာတွေ လုပ်ပါ။

ကလေးဟာ (၂)နှစ်ကနေ (၅)နှစ်အတွင်းဆိုရင်-

(၁) ကလေးကို စိတ်လုံခြုံမှုအပြည့်ပေးပါ။ တတ်နိုင်သမျှ ပွေ့ဖက်ပေးပါ။ ကလေးက ဝမ်းနည်းနေချိန် (ဒါမှမဟုတ်) ကြောက်လန့်နေချိန်တွေမှာ အမေဒီမှာရှိတယ်နော်၊ အဖေဒီမှာရှိတယ်နော် … စသဖြင့် စကားနဲ့ရော အပြုအမူနဲ့ပါ စိတ်လုံခြုံမှုပေးပါ။

(၂) မိဘတွေက အတတ်နိုင်ဆုံး တည်ငြိမ်အောင်နေပြပါ။ ဒီအရွယ် ကလေးတွေဟာ လူကြီးတွေ လုပ်သမျှကို တောက်လျှောက်စောင့်ကြည့်ပြီး လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုတတ်တာကြောင့် တချို့အရာတွေမှာ မလိုအပ်ဘဲ ထိတ်လန့်သွားနိုင်လို့ပါ။

(၃) ဘယ်လောက် တုန်လှုပ်စရာအခြေအနေ တွေနဲ့ ကြုံနေရပါစေ… လုပ်နေကျအလုပ်တွေကို ပုံမှန်ဆက်လုပ်ပါ။ ဥပမာ-ပုံမှန်ထမင်းစားချိန်၊ အိပ်ရာဝင်ချိန်၊ ဘုရားရှိခိုးဆုတောင်းချိန်တွေ စတာတွေကို သေချာဆက်လုပ်ပါ။ တကယ်လို့ မိသားစုလိုက် နေအိမ်စွန့်ခွါပြေးနေရတယ်ဆိုရင်တောင် လုပ်နေကျအလုပ်တွေကို သေချာလေး ဖန်တီးပြီး ဆက်လုပ်ပါ။  

(၄) စိတ်ဒဏ်ရာရှိတဲ့ ကလေးတွေဟာ ညဘက်အချိန်တွေမှာ စိုးရိမ်စိတ်တွေ အလိုလိုပေါ်လာတတ်ပါတယ်။ ဒါကြောင့်ကလေး အိပ်ရာဝင်တဲ့အချိန်မှာ စကားပြောပေးတာ၊ ပုံပြောပေးတာမျိုးလုပ်ပြီး သူ့တို့ကို အချိန်ပိုပေးပါ။  

(၅) ကလေးတွေကို သတင်းတွေ ပေးမကြည့်ပါနဲ့။ ရေဒီယိုတွေလည်း ပေးနားမထောင်ပါနဲ့။

(၆) ကလေးတွေရဲ့ ခံစားချက်တွေကို မကြာမကြာ နားထောင်ပေးပါ။ သူတို့ခံစားချက်တွေ ထုတ်ဖော်ပြောလာနိုင်ဖို့ အခွင့်အလမ်းတွေပေးပါ။

(၇) ကလေးကို သူတို့ တတ်သလောက်မှတ်သလောက် ပုံတွေဆွဲခိုင်းပါ။ ကလေးတွေဟာ ပုံဆွဲတာကနေ သူတို့ခံစားချက်တွေကို ဖော်ပြလေ့ရှိတတ်ပါတယ်။

(၈) ကလေးတွေကို ကိုယ်လက်လှုပ်ရှားမှုတွေရှိအောင် လုပ်ပေးပါ။ ရွယ်တူကလေးတွေနဲ့ ဆော့ဖို့ ခွင့်ပြုပါ။

(၉) မကြာခင်မှာ ကောင်းမွန်တဲ့ အနာဂတ်တွေ လာတော့မယ့် အကြောင်းပြောပြပါ။

ကလေးဟာ (၆)နှစ်ကနေ (၁၁)နှစ်အတွင်းဆိုရင်-

(၁) ကလေးကိုယ်တိုင်ဟာ သူဘေးကင်းနေတယ်ဆိုတာ သူကိုယ်တိုင် သေချာသိပါစေ။

(၂) ကလေးကို တတ်နိုင်သမျှ "ပုံမှန်"အချိန်ဇယားနဲ့ ထားပါ။ အိပ်ရာဝင်ချိန်၊ ထမင်းစားချိန် ၊ ဖုန်းသုံးချိန်၊ စာကြည့်ချိန် တွေကို စနစ်တကျ သတ်မှတ်ထားပါ။

(၃) တီဗီ၊ သတင်းစာနှင့် ရေဒီယိုတွေကို ကန့်သတ်ပါ။ ဒီလို ကျောင်းနေအရွယ်ကလေးငယ်တွေဟာ သတင်းဆိုးတွေ ကြုံရ၊ ကြားရများလေလေ စိုးရိမ်လေလေဖြစ်ပါတယ်။

(၄) ကလေးနဲ့ အတူနေပြီး အချိန်ဖြုန်းပေးပါ။ ကလေးစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိချင်နေတဲ့ မေးခွန်းတွေ ရှိရင် မေးဖို့၊   စိုးရိမ်ပူပန်၊ ဝမ်းနည်းတာတွေရှိရင်လည်း အချိန်မရွေး ထုတ်ဖော်ပြောဖို့ သူ့ကို အသိပေးထားပါ။

(၅) ကလေးတွေ မေးလာတဲ့မေးခွန်းတွေကို တိုတိုတုတ်တုတ်နဲ့ ရိုးရိုးသားသား ဖြေပါ။ အများအားဖြင့် ဒီအရွယ် ကလေးတွေဟာ သူတို့စိတ်ထဲမှာ တစ်ခုခုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာရှိလို့သာ မေးခွန်းတွေ မေးလေ့ရှိကြတာမို့ သူတို့မေးတဲ့မေးခွန်းရဲ့အဖြေကို မသိရင် “မသိဘူး လို့ ဖြေပါ။ မသေချာတဲ့အဖြေတွေ၊ ကြားဖူးနား၀ ကောလဟာလတွေကို မဖြေပါနဲ့ ။

(၆) ကလေးတွေကို လူကြီးတွေရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ စိုးရိမ်ပူပန်စိတ်တွေအကြောင်း အသေးစိတ်၊အများကြီး မပြောပါနဲ့။ တခါတလေ တော့ ပေါ့ပေါ့ပါးပါးပြောပါ။ ဒီလိုပြောတာကြောင့် ကလေးတွေဟာ ဒီလိုစိတ်ပူပန်မှုတွေကို သူတို့တစ်ယောက်တည်းသာ ခံစားရတာမဟုတ်ဘဲ တခြားသူတွေပါ ခံစားနေကြရတာပဲဆိုတဲ့ စိတ်ဖြစ်ပေါပြီး လက်ရှိ စိုးရိမ်ပူပန်နေတဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

(၇) ကလေးတွေကို အလုပ်မအားအောင်ထားပါ။ ရွယ်တူကလေးတွေ အချင်းချင်း ကစားတာ ၊ အိမ်စာလုပ်ခိုင်းတာ၊ အိမ်အလုပ်ကို ကူစေတာ စတဲ့အလုပ်တွေနဲ့ မအားအောင် ထားပါ။

(၈) တစ်ခါတစ်လေ ကလေးဟာ သူ့သူငယ်ချင်းတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးလည်း  စိတ်ပူနေတတ်ပါတယ်။ သူငယ်ချင်းတွေကိုလည်း သူတို့ရဲ့ မိဘအသီးသီးက စနစ်တကျပြုစုစောင့်ရှောက်ကြမှာဖြစ်လို့ စိတ်ပူဖို့ မလိုတဲ့အကြောင်း သူတို့စိတ်ထဲ ရှင်းသွားအောင် ရှင်းပြပါ။

(၉) ကလေးကို အနာဂတ် ရပ်ရွာပြန်လည်ထူထောင်ရေးတွေအကြောင်း ​သေချာပြောပြပါ။ ရပ်ရွာအဖွဲ့တွေက ဘယ်လိုတွေ ကူညီပေးနေကြောင်း ကလေးတွေကို အသိပေးပါ။

(၁၀) ကူညီတတ်တဲ့ ကလေးတွေ ဖြစ်ဖို့ တိုက်တွန်းအားပေးပါ။

ကလေးဟာ  (၁၂)နှစ်ကနေ (၁၈)နှစ် အတွင်းဆိုရင်-

ပုံမှန်ဆိုရင် ဒီဆယ်ကျော်သက်အရွယ်ဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာတွေရော အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်တတ်တာကြောင့် စိန်ခေါ်မှုများတဲ့ အချိန်တွေ ဖြစ်ပါတယ်။ သူတို့ကို ဘယ်အရာကမျှ အန္တရာယ်မပြုနိုင်ဘူးလို့ ခံစားရတတ်တဲ့အချိန်တွေဖြစ်ပြီး မိဘတွေဆီကနေ လွတ်လပ်မှုကို အပြည့်ရချင်နေတဲ့ အချိန်တွေ ဖြစ်ပါတယ်။ ဒီအရွယ်ကလေးတွေ စိတ်ဒဏ်ရာရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ခက်တာနဲ့ သိချင်စိတ်တွေအရမ်းပြင်းပြတာမျိုးတွေ ဖြစ်စေပါတယ်။ ဒီလိုအရွယ်တွေမှာ စိတ်ဒဏ်ရာတစ်ခုခုရထားရင် -

(၁)ဒီအရွယ်တွေဟာ သူတို့အားနည်းချက်ကို ထုတ်ပြရတာ မကြိုက်ကြပါဘူး။ ဒါကြောင့် စိတ်ဒဏ်ရာရစရာရှိလို့ ပွေ့ဖက်နှစ်သိမ့်တယ်ဆိုရင်တောင် "မင်းအခု အရွယ်ရောက်နေပြီဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ခနလေးဖက်ချင်ပါတယ် လို့ ပြောဖို့ လိုအပ်ပါတယ်။

(၂) သူတို့ကိုယ်သူတို့ အိမ်အတွက် တကယ်အားကိုးလောက်စရာလူတွေ ဖြစ်တယ်လို့ ယုံကြည်စိတ်စွဲမြဲနေအောင် လုပ်ပေးပါ။ သူတို့လုပ်နိုင်မယ့် တာဝန်လေးတွေခွဲပေးပြီး အောင်မြင်အောင်လုပ်နိုင်ခဲ့ရင် ချီးကျူးပေးပါ။ ဆယ်ကျော်သက်အရွယ်နဲ့ မလိုက်တဲ့ တာဝန်တွေ မတန်တဆပြည့်နေပြီဆိုရင်တော့ စိုးရိမ်ပူပန်မှုကို တိုးလာစေနိုင်လို့ သတိပြုပါ။

(၃) ဒီဆယ်ကျော်သက်အရွယ်တွေဟာ မိဘတွေနဲ့ စကားမပြောချင်တာဟာ ပုံမှန်ပါပဲ။ ဒါကြောင့် မိသားစုထမင်းဝိုင်းမှာဖြစ်ဖြစ်၊ သွားရင်းလာရင်း ပေါ့ပေါ့ပါးပါးဖြစ်ဖြစ် သူတို့နဲ့ စကားစမြည်ပြောနိုင်အောင် ကြိုးစားပါ၊

(၄) ဆယ်ကျော်သက်တွေဟာ ရွယ်တူချင်း၊ အုပ်စုဖွဲ့ပြောဆိုရာမှာ ပိုအဆင်ပြေနိုင်တာကြောင့် အချင်းချင်းအကြား ပွင့်ပွင့်လင်းလင်း စကားပြောနိုင်ဖို့ စီစဉ်ပေးပါ။ ဆွေမျိုး၊ ဆရာ တို့လို သူတို့ယုံကြည်ပြီး ရင်ဖွင့်နိုင်တဲ့လူတွေရှိရင်လည်း မကြာခဏတွေ့ပြီး စကားပြောနိုင်ဖို့ အားပေးပါ။

(၅) ထိတ်လန့်တုန်လှုပ်စရာ သတင်းတွေ ပါတဲ့ သတင်းနဲ့ရေဒီယိုတွေကို ကန့်သတ်ပါ။ ဆယ်ကျော်သက်တွေဟာ တခြားငယ်ရွယ်တဲ့ ကလေးငယ်တွေထက် သတင်းတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်လက်ခံနိုင်တယ်ဆိုပေမယ့်လည်း အနိဌာရုံ သတင်းတွေကို လျှော့ချကန့်သတ်ထားပါ။

(၆) ဒီအရွယ်ကလေးတွေမှာ လူမှုအသိုင်းအဝိုင်းကို တစ်နေရာရာကနေ ထောက်ပံ့၊ ကူညီ၊အားပေးချင်စိတ်တွေ ရှိနေတတ်ကြပါတယ်။ သူတို့နဲ့ကိုက်ညီတဲ့ ပရဟိတအလုပ်တွေ ၊ စေတနာ့ဝန်ထမ်း အခွင့်အလမ်း တွေကို ရှာဖွေပြီး ပံ့ပိုးပေးပါ။

(၇) မူးယစ်ဆေးဝါးသုံးစွဲလာနိုင်တာကို သတိထားပါ။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေဟာ သူတို့ရဲ့ စိတ်ပူပန်မှုတွေကို သက်သာစေရေးအတွက် အရက်၊ မူးယစ်ဆေးဝါးတွေကို သုံးစွဲလာတတ်ကြတာကြောင့် အထူးဂရုပြုပါ။

ကလေးမိဘတွေနဲ့ အုပ်ထိန်းသူတွေ လိုက်နာဆောင်ရွက်ဖို့ ဖော်ပြထားတဲ့ အထက်ပါ အကြံပြုတွေကို လိုက်နာလုပ်ဆောင်ပြီး ကလေးတွေ ရင်ဆိုင်ကြုံတွေနေကြရတဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်ဖိစီးမှူတွေကနေ သက်သာလာအောင် ကူညီထောက်ပံ့ပေးနိုင်ပါတယ်။

Reference - Helping children cope after a traumatic event (Child Mind Institute)

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ