ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်နေတဲ့ LGBT Union Mandalay ဥက္ကဌ အဆက်အသွယ် ပြတ်တောက်နေ၊ စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရတယ်လို့ ယူဆ၊

ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်နေတဲ့ LGBT Union Mandalay ဥက္ကဌ အဆက်အသွယ် ပြတ်တောက်နေ၊ စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရတယ်လို့ ယူဆ၊

MFP ၊ စက်တင်ဘာ - ၂၈

စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာချီတက်တဲ့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်နေသူ လိင်စိတ်ခံယူမှု ကွဲပြားသူများ သမဂ္ဂ - မန္တလေး (LGBT Union Mandalay) ရဲ့ ဥက္ကဌ ကိုဂျက်စတင်မင်းဟိန်းဟာ မနေ့က ညနေပိုင်းက စတင်ပြီး ရန်ကုန်မြို့မှာ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ LGBT Union Mandalay က သတင်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်အခြေစိုက် လူငယ်များသမဂ္ဂ အပါအဝင် အခြား မြေပြင် သပိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ လုပ်ဆောင်နေစဉ်အတွင်း စက်တင်ဘာ(၂၇)ရက် ညနေပိုင်းက အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။

“ ဂျက်စတင်က ဒီလို လုပ်ဆောင်နေတာကို မိဘတွေနဲ့ အတိုက်အခံ လုပ်ပြီးတော့ကို လုပ်နေတာလို့ သိရတယ်၊ တော်လှန်ရေးမှာ သူ တတ်နိုင်သလောက် ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားတဲ့ လူငယ်လေးပါ“ လို့ နီးစပ်သူ တစ်ဦးက MFP ကို ပြောပါတယ်။

ကိုဂျက်စတင်မင်းဟိန်း(ခ) ဟိန်းမင်းထက်နဲ့အတူ လူငယ်များသမဂ္ဂ-ဗဟို ဥက္ကဌ၊ ဒုဥက္ကဋ္ဌ (၁)၊ ဒုဥက္ကဋ္ဌ (၂)၊ တွဲဖက်အတွင်းရေးမှူးနဲ့ အမှုဆောင်ကော်မတီဝင်၊ စုစုပေါင်း လူငယ် ခြောက်ဦး အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေတာ ဖြစ်ကာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံရတာ ဖြစ်နိုင်တယ်လို့ သမဂ္ဂ နှစ်ခုရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ကိုဂျက်စတင်မင်းဟိန်းဟာ မန္တလေးမြို့မှာ မြေပြင်သပိတ်လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ခက်ခဲလာချိန် ရန်ကုန်မြို့မှာ သွားရောက် ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းက LGBT Union Mandalay နဲ့ လူငယ်များသမဂ္ဂ အဖွဲ့ဝင်အချို့ရဲ့ လူမှုကွန်ရက် အကောင့်တွေကို စစ်လော်ဘီ တယ်လီဂရမ် အကောင့်တွေမှာ ဖော်ပြခဲ့ပြီး ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၁၃) ရက်က LGBT Union Mandalay ဖွဲ့စည်းတာ တစ်နှစ်ပြည့်မြောက်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #LGBTUnionMandalay #ဂျက်စတင်မင်းဟိန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ