ကိုဗစ် အကြောင်းပြပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက မေမြို့ တန်ဆောင်တိုင်ပွဲ ကျင်းပဖို့ စီစဉ်၊

ကိုဗစ် အကြောင်းပြပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက မေမြို့ တန်ဆောင်တိုင်ပွဲ ကျင်းပဖို့ စီစဉ်၊

MFP ၊ စက်တင်ဘာ - ၂၃

မေမြို့အပါအဝင် နိုင်ငံတဝန်းမှာ Mask (နှာခေါင်းစည်း) မတပ်သူ၊ COVID-19 ဆေးထိုးလက်မှတ် မပြနိုင်သူတွေကို ဖမ်းဆီးပြီး လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုက လာမယ့် နိုဝင်ဘာလအတွင်း ကျရောက်မယ့် မေမြို့ တန်ဆောင်တိုင်ပွဲကို ပုံမှန်အတိုင်း ကျင်းပဖို့ စီစဉ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နှစ်စဉ် တန်ဆောင်တိုင် ကာလမှာ မေမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲ ကျင်းပတာ ဖြစ်ပြီး စစ်အုပ်စုက ယခုနှစ် နိုဝင်ဘာ(၄)ရက်ကနေ (၈) ရက်အထိ မေမြို့ တန်ဆောင်တိုင်ပွဲ ကျင်းပဖို့ စီစဉ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“တချို့ကတော့ ဘာသာရေးနဲ့ နိုင်ငံရေး မတွဲစေချင်ဘူးတဲ့၊ ဒါပေမယ့် ကျွန်မအနေနဲ့တော့ မသွားဖို့ ဆုံးဖြတ်ထားတယ်၊ ဒါက ပျော်ပွဲရွှင်ပွဲသက်သက်ပဲ “ လို့ မေမြို့သူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ကိုဗစ်ရောဂါ အကြောင်းပြပြီး ပြည်သူကို ထိန်းချုပ်ဖို့၊ အကြပ်ကိုင် အနိုင်ကျ့င့်ဖို့ ကြိုးစားနေသလို တဖက်မှာလည်း နိုင်ငံက တည်ငြိမ်အေးချမ်း နေတယ်ဆိုတာ ပြချင်လို့ ရာသီအလိုက် ပွဲတော်တွေကို ဇွတ်အတင်း ကျင်းပနေတာလို့ မေမြို့ဒေသခံတွေက မှတ်ချက်ပြုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေကလည်း တောင်ပြုံးပွဲ၊ ပုပ္ပါးပွဲ စတဲ့ ပွဲတော်တွေကို ဖြသ်စလို ကျင်းပခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ COVID-19 ရောဂါ ကူးစက်ပြန့်နှံ့နေမှုနှင့် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ မတည်ငြိမ်မှုတွေကြောင့် မေမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

၂၀၁၉ က ကျင်းပခဲ့တဲ့ မေမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲ/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မေမြို့တန်ဆောင်တိုင် #မီးပုံးပျံပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ