တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ်နှင့် မီးဖွားကာနီး ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ပြည်သူ ငါးဦး သေဆုံး၊ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှနယ်ထဲ စစ်အုပ်စုက သောင်းကျန်းနေလို့ ကျေးရွာ(၃၀)ကျော်က ပြည်သူတွေ ထွက်ပြေးနေရ၊

တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ်နှင့် မီးဖွားကာနီး ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ပြည်သူ ငါးဦး သေဆုံး၊ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှနယ်ထဲ စစ်အုပ်စုက သောင်းကျန်းနေလို့ ကျေးရွာ(၃၀)ကျော်က ပြည်သူတွေ ထွက်ပြေးနေရ၊

MFP ၊ သြဂုတ် - ၃၀

စစ်ကိုင်းတိုင်း ကောလင်း၊ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက ရဟတ်ယာဉ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲနေလို့ အသက်ခြောက်နှစ်အရွယ် ကလေးငယ်နှင့် မီးဖွားကာနီး ကိုယ်ဝန်ဆောင် မိခင် အပါအဝင် ဒေသခံ ပြည်သူ ငါးဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့က သတင်း ဖော်ပြပါတယ်။

သြဂုတ်(၁၆)ရက်ကတည်းက ကန့်ဘလူ ၊ ကျွန်းလှ၊ ကောလင်း မြို့နယ်စပ် ကျေးရွာတွေထဲ ဝင်မွှေသောင်းကျန်း လုယက်နေတဲ့ ဖက်ဆစ်တပ်ဟာ သြဂုတ်(၂၃)ရက်က အောင်ချမ်းသာရွာအနီး တိုက်ပွဲမှာ အထိနာ အသေများပြီးနောက် အရပ်သားပြည်သူတွေနှင့် ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ သြဂုတ်(၂၃)ရက်က ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းနယ်အစပ်က ရွာတွေကို YAK - 130 တိုက်လေယာဉ် သုံးစီးနဲ့ တစ်နေ့တည်း သုံးကြိမ်အထိ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ည(၁၁)နာရီခွဲအချိန် တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာနေ ပြည်သူလေးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများက အဖွဲ့က ဆိုပါတယ်။

တိုက်လေယာဉ် ဗုံးကြဲခံရလို့ ထိခိုက်သေဆုံးတဲ့ ပြည်သူတွေဟာ မီးဖွားကာနီး ကိုယ်ဝန်ကိုးလ လွယ်ထားရသူ မဖြူဇာဝင်း၊ ကိုဇင်မျိုးထွန်း (မဖြူဇာဝင်းရဲ့ ခင်ပွန်း)၊ အသက်ခြောက်နှစ်ကျော်အရွယ် မောင်ပြည့်စုံ (ကိုနေလင်းဦးရဲ့သား)၊ ကိုမိုးအောင် (ကိုနေလင်းဦးရဲ့ ညီအကိုတဝမ်းကွဲ)တို့ ဖြစ်ပြီး သေဆုံးကလေးငယ်ရဲ့ ဖခင် ကိုနေလင်းဦး လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သြဂုတ်(၂၅)ရက်မှာလည်း စစ်အုပ်စုက ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာကို ပစ်မှတ်ထားကာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တည်ပင်ဆိပ်ရွာက ဒေသခံပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား တစ်ဦး ကျောကုန်း ဗုံးဆံထိမှန် သေဆုံးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများက အဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ကန့်ဘလူ၊ ကောလင်းနှင့် ကျွန်းလှမြို့နယ်အစပ်က ကျေးရွာတွေကို ရွာစဉ်အလိုက် တစ်ရွာပြီးတစ်ရွာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် ဗုံးကြဲနေတာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများက အဖွဲ့က ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ကန့်ဘလူ၊ ကောလင်းနှင့် ကျွန်းလှ သုံးမြို့နယ်အစပ် ကျေးရွာ (၃၀)ကျော်က ဒေသခံပြည်သူ သုံးသောင်းကျော် ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေးအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

သြဂုတ်(၂၃)ရက် ညသန်းခေါင်အချိန်မှာ စစ်အုပ်စုက (YAK-130) ဂျက်ဖိုက်တာ တိုက်လေယာဉ် သုံးစီးနဲ့ ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာကို ဗုံးကြဲလို့ ကလေးငယ်တစ်ဦးနှင့် မိဖွားကာနီး ကိုယ်ဝန်ဆောင် မိခင် အပါအဝင် ဒေသခံပြည်သူ လေးဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်/Photo - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ကောလင်း #ကျွန်းလှ #ရွာ #ပြည်သူ #တိုက်လေယာဉ် #ဗုံးကြဲ #ကိုယ်ဝန်ဆောင်မိခင် #ကလေးသူငယ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ