မန္တလေး မြရည်နန္ဒာအိမ်ယာအတွင်း ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသမီးဟာ ခင်ပွန်းသည်နှင့် အတူနေသူဖြစ်၊ စစ်အုပ်စုက တရားခံ မဖမ်းနိုင်သေး၊

မန္တလေး မြရည်နန္ဒာအိမ်ယာအတွင်း ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသမီးဟာ ခင်ပွန်းသည်နှင့် အတူနေသူဖြစ်၊ စစ်အုပ်စုက တရားခံ မဖမ်းနိုင်သေး၊

MFP ၊ စက်တင်ဘာ - ၂၂

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး သူနေတဲ့ တိုက်ခန်းအတွင်း ဓားဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ပုပ်ပွမှ အလောင်းတွေ့ရှိရတဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အဲ့ဒီ အမျိုးသမီးဟာ ခင်ပွန်းသည်နဲ့ အတူနေထိုင်ကာ ခင်ပွန်းဖြစ်သူ အလုပ်သွားနေချိန် အသတ်ခံရတာ ဖြစ်တယ်လို့ စစ်ကောင်စီ သစ္စာခံ ရဲတွေက သတင်းဖြန့်ပါတယ်။

မနေ့က စက်တင်ဘာ(၂၁)ရက် ညနေပိုင်းက မန္တလေးမြို့ မြရည်နန္ဒာအိမ်ယာ၊ မမ(၁၆)၊ တိုက်အမှတ်(၉)က အခန်းတစ်ခန်းမှာ ဒဏ်ရာတွေနှင့် သေဆုံးနေပြီး ပုပ်ပွနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ အလောင်း တွေ့ရှိခဲ့ပါတယ်။

အဲ့ဒီ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်ပြီး မန္တလေး အောင်ပင်လယ် ရဲစခန်းက စစ်ကောင်စီ သစ္စာခံ ရဲတွေ လာရောက် စစ်ဆေးရာမှာ သေဆုံးသူ အမျိုးသမီးဟာ အသက်(၃၈)နှစ်အရွယ် မသူဇာအောင် ဆိုသူ ဖြစ်ပြီး ခင်ပွန်းသည် အသက်(၂၄)နှစ်အရွယ် ကိုသန်းထိုက် ဆိုသူနှင့် အတူ နေထိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ခင်ပွန်း ကိုသန်းထိုက်ဟာ စက်တင်ဘာ(၁၉)ရက် မနက်(၈)နာရီက မန္တလေးက တက္ကသိုလ်တစ်ခုမှာ လုံခြုံရေး တာဝန်ထမ်းဆောင်ဖို့ ထွက်ခွါသွားခဲ့ပြီး စက်တင်ဘာ(၂၁)ရက် မွန်းလွဲ(၂) နာရီမှာ နေအိမ်ကို ပြန်ရောက်စဉ် ဇနီးဖြစ်သူ သေဆုံးနေတာကို တွေ့ခဲ့ရတာ ဖြစ်တယ်လို့ စစ်ကောင်စီ သစ္စာခံ ရဲတွေက ထုတ်ပြန်တဲ့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

“စက်တင်ဘာ (၂၁)ရက် မွန်းလွဲ(၃)နာရီ (၂၀)မိနစ်က ချမ်းမြသာစည်မြို့နယ်၊ (၄၅)လမ်းနှင့် (၄၉)လမ်းကြား၊ (၁၁၆)လမ်းနှင့် လမ်း(၁၂ဝ)ကြား ၊မြရည်နန္ဒာ အိမ်ယာဝန်းထဲက (မမ/၁၆)၊ တိုက်အမှတ်(၉)၊ အခန်း (---)တွင် အမည်မသိ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ တိုက်ခန်းတွင်ရှိသော သေဆုံးသူ၏ ခင်ပွန်းဖြစ်သူအား မေးမြန်းခဲ့ရာ ၎င်းသည် စက်တင်ဘာ (၁၉)ရက် နံနက်(၈)နာရီခန့်တွင် မန္တလာတက္ကသိုလ်၊ လုံခြုံရေး ဝန်ထမ်း တာဝန် ဆောင်ရွက်ရန် နေအိမ်မှ ထွက်သွားခဲ့ပြီး စက်တင်ဘာ (၂၁)ရက် မွန်းလွဲ (၂)နာရီတွင် နေအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့ရာ ဇနီးဖြစ်သူ မသူဇာအောင် (၃၈)နှစ်သည် မျက်နှာညိုပုတ် ဖူးယောင် သွေးထွက် ဒဏ်ရာ၊ ယာလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ နှစ်ချက်၊ ဝဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ သုံးချက်တို့ဖြင့် သေဆုံးနေကြောင်း စစ်ဆေး တွေ့ရှိရပြီး သေဆုံးသူ အလောင်းအား ရဲဆေးစာ ရေးသား၍ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အောင်ပင်လယ် နယ်မြေရဲစခန်းတွင် (ပ)၂၆၈/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်ကာ မသူဇာအောင်အား အသက်သေဆုံးအောင် ပြုလုပ်ခဲ့သည့် တရားခံ ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း” လို့ စစ်ကောင်စီ သစ္စာခံ ရဲတွေက ထုတ်ပြန်တဲ့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

ဒေသခံတွေအရ အဆိုအရ တိုက်ခန်းအတွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မသူဇာအောင်ဟာ ရန်ကုန်ကနေ မန္တလေးမှာ လာရောက်နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

မသူဇာအောင် သေဆုံးချိန် ဖုန်း၊ ဆွဲကြိုး၊ ဆိုင်ကယ် စတဲ့ တန်ဘိုးကြီး ပစ္စည်းတချို့ ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ပေးမယ့် စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာတော့ ပစ္စည်းတွေ ပျောက်ဆုံးတဲ့ကိစ္စ ဖော်ပြထားခြင်း မရှိပါဘူး။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြရည်နန္ဒာအိမ်ယာ #တိုက်ခန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ