မန္တလေးမှာ မြေပြင်သပိတ်လုပ်တဲ့ နေရာတွေကို စစ်အုပ်စုက ဝင်မွှေလုယက် သောင်းကျန်း၊ သပိတ်မှာ ပါဝင်တယ် စွပ်စွဲပြီး မန္တလေးမြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်အုပ်စုက ဖမ်းဆီး၊

မန္တလေးမှာ မြေပြင်သပိတ်လုပ်တဲ့ နေရာတွေကို စစ်အုပ်စုက ဝင်မွှေလုယက် သောင်းကျန်း၊ သပိတ်မှာ ပါဝင်တယ် စွပ်စွဲပြီး မန္တလေးမြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်အုပ်စုက ဖမ်းဆီး၊

MFP ၊ စက်တင်ဘာ - ၁၂

နိုင်ငံတဝန်း လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ ရမ်းကား သောင်းကျန်း အကြမ်းဖက်နေတဲ့ စစ်အုပ်စုက မန္တလေးမြို့ပေါ်က ဆန္ဒပြသပိတ် ပြုလုပ်ခဲ့တဲ့ နေရာတွေကိုလည်း အကြောင်းမဲ့ စီးနင်းဝင်မွှေပြီး ရမ်းကား သောင်းကျန်းတာ၊ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ မန္တလေး သပိတ်အင်အားစုက သတင်း ထုတ်ပြန်ပါတယ်။

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့တဲ့ နေရာတွေကို စစ်အုပ်စုက ရန်ပြု သောင်းကျန်းနေတာနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတွေကို တောင်းပန်းကြောင်းလည်း မန္တလေး သပိတ်အင်အားစုက ဒီကနေ့ စက်တင်ဘာ(၁၂)ရက်မှာ ထုတ်ပြန်ပါတယ်။

ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို ဥပဒေမဲ့ အင်အားသုံး အကြမ်းဖက်နေတဲ့ စစ်အုပ်စုက သပိတ်လှုပ်ရှားမှု လုပ်ခဲ့တဲ့ နေရာတဝိုက်က ပြည်သူတွေ၊ နေအိမ်တွေကိုပါ အကြမ်းဖက် ဝင်မွှေလုယက်တာ၊ စစ်ဆေးဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ မန္တလေး သပိတ်အင်အားစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ လူထုကို အကြောက်တရားနဲ့ ချုပ်ကိုင်ပြီး ပြည်သူနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲအောင် လုပ်တာလို့ မန္တလေးသပိတ် အင်အားစုက သုံးသပ်ပါတယ်။

မနေ့က စက်တင်ဘာ(၁၁)ရက် မနက်ပိုင်းက မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြသပိတ်အပြီးမှာလည်း စစ်အုပ်စုက သပိတ်ပြုလုပ်ခဲ့တဲ့ ရပ်ကွက်ထဲ ချက်ချင်း ရောက်လာပြီး သောင်းကျန်းရမ်းကား ရုံသာမက ဒေသခံ အမျိုးသမီး နှစ်ဦးကိုပါ သပိတ်မှာ ပါဝင်သူတွေလို့ စွပ်စွဲကာ ဖမ်းဆီးသွားတယ်လို့ မန္တလေးသပိတ် အင်အားစု အဖွဲ့ဝင် ကိုပိုင်က MFP ကို ပြောပါတယ်။

“သပိတ်ပြီးပြီးချင်း ရောက်လာပြီး ဖမ်းသွားတာလို့ သိရတယ်၊ ဘယ်သူတွေလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိရသေးဘူး။ ထမင်းဆိုင်က မိန်းကလေးနှစ်ယောက်ဆိုတာကိုတော့ ကြားရတယ် “ လို့ ကိုပိုင်က ရှင်းပြပါတယ်။

စစ်လော်ဘီတွေကတော့ မန္တလေးမြို့သစ်ဘက်က ထမင်းဆိုင်ဝန်ထမ်း အသက်(၂၃)နှစ်အရွယ် မထက်ထက်ဝင်းဟာ ဆန္ဒပြရာမှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးခဲ့တာလို့ သတင်း ဖြန့်နေကြပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က သပိတ် လုပ်တဲ့ ရပ်ကွက်တွေကိုသာမက တစ်မြို့လုံးမှာလည်း ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ်တာ၊ ရန်ပြု သောင်းကျန်းတာတွေ လုပ်နေသလို နိုင်ငံတဝန်းမှာလည်း လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေကာ လူသ-တ်-၊ လုယက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့က အမျိုးသမီးတစ်ဦးကို သပိတ်မှာ ပါဝင်တယ်လို့ စွပ်စွဲပြီး စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးထားစဉ်/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးသပိတ်အင်အားစု #ပြည်သူ #အမျိုးသမီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ