တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မြောင် CDSOM တပ်ဖွဲ့ဝင် ပြည်သူ့ရဲဘော် သန့်ဇင်ဦးရဲ့ နာရေး ကျင်းပ၊

တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မြောင် CDSOM တပ်ဖွဲ့ဝင် ပြည်သူ့ရဲဘော် သန့်ဇင်ဦးရဲ့ နာရေး ကျင်းပ၊

MFP ၊ စက်တင်ဘာ - ၆

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ပြီး အပြန် စစ်အုပ်စု ကင်းပုန်းနှင့် ထိပ်တိုက်တိုးကာ အတူပါတဲ့ ရဲဘော်တွေ ဆုတ်ခွာနိုင်ဖို့ တစ်ဦးတည်း ခုခံပစ်ခတ်ရင်း ကျဆုံးခဲ့တဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM အနောက်ပိုင်း 006 တပ်ဖွဲ့ က တိုက်ခိုက်ရေး ရဲဘော် သန့်ဇင်ဦးရဲ့ နာရေးကို ဒိနေ့ စက်တင်ဘာ(၆)ရက်မှာ ကျင်းပခဲ့ပြီး မဟာမိတ်တပ်ဖွဲ့တွေ တက်ရောက် ဂုဏ်ပြုခဲ့တယ်လို့ မြောင် CDSOM က သတင်း ထုတ်ပြန်ပါတယ်။

“စက်တင်ဘာ(၂)ရက်က စခ သုံးကောင်ကို ငရဲပြည်ပို့ရင်း ရဲရင့်မြင့်မြတ်စွာ ကျဆုံးသွားခဲ့သော 𝑪𝑫𝑺𝑶𝑴 ၏ အနောက်ပိုင်း 006 အဖွဲ့မှ ရဲဘော် သန့်ဇင်ဦးအား အာဇာနည် သူရဲကောင်းတို့ရဲ့ အလေးပြု ဂုဏ်ပြုခြင်းဖြင့် Myaung Pdf Cdsom နှင့် မဟာမိတ်များ၊ ပြည်သူများမှ ကျင်းပပြုလုပ်ခဲ့ကြပါသည်” လို့ မြောင် CDSOM က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၂)ရက် နေ့လည်ပိုင်းက မြောင်မြို့နယ် မြစ်သာကျေးရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စုကို 𝐂𝐃𝐒𝐎𝐌 အနောက်ပိုင်း တိုက်ခိုက်ရေးနှင့် ကာကွယ်အဖွဲ့က ကင်းထောက်ရင်း ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရာမှာ စစ်အုပ်စု နောက်ချန်ကင်းနဲ့ ထပ်မံ ထိပ်တိုက်တွေ့ဆုံပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာက စကစ သုံးသောက် သေသလို 𝐂𝐃𝐒𝐎𝐌 အနောက်ပိုင်း တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့က ရဲဘော် သန့်ဇင်ဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စု ကင်းပုန်းနဲ့ တိုက်ပွဲမှာ ရဲဘော် ကိုသန့်ဇင်ဦးက အတူပါလာတဲ့ ရဲဘော်တွေ ဆုတ်ခွာနိုင်အောင် အသက်စွန့်ပြီး ခုခံ ပစ်ခတ်ခဲ့တာလို့ မြောင် CDSOM က ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #CDSOM #ပြည်သူ့ရဲဘော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ