အကြမ်းမဖက် ဆန္ဒပြတဲ့ မန္တလေးသပိတ်အင်အားစု ဦးဆောင်သူကို အကြမ်းဖက်ပုဒ်မ အပါအဝင် ပုဒ်မ နှစ်ခုနဲ့ ထောင် (၁၀)နှစ် ချခံရ

အကြမ်းမဖက် ဆန္ဒပြတဲ့ မန္တလေးသပိတ်အင်အားစု ဦးဆောင်သူကို အကြမ်းဖက်ပုဒ်မ အပါအဝင် ပုဒ်မ နှစ်ခုနဲ့ ထောင် (၁၀)နှစ် ချခံရ

MFP ၊ စက်တင်ဘာ - ၂

စစ်အာဏာရှင်ကို အကြမ်းမဖက် ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ မန္တလေးသပိတ်အင်အားစု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုကျော်သီဟစိုးကို စစ်အုပ်စုက ဒီရက်ပိုင်းမှာပဲ ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်တယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

မန္တလေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားလည်းဖြစ်တဲ့ ကိုကျော်သီဟစိုးကို မနှစ်က ဩဂုတ်လ (၁၆)ရက်မှာ မန္တလေးတက္ကသိုလ်အနီး (၇၃)လမ်းပေါ်မှာ စစ်အုပ်စုက အိမ်စီးကားတွေနဲ့ အကြမ်းဖက်ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လ (၃၁)ရက်မှာ အိုးဘိုအကျဉ်းထောင် ထောင်တွင်းတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ) အတွက် ထောင်ဒဏ် (၇)နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)အတွက် ထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့တာဖြစ်ပြီး နောက်ထပ် ၅၀၅(က) အမှုတစ်ခု ကျန်သေးတယ်လို့ မန္တလေးသပိတ်အင်အားစုက သိရပါတယ်။

“ သူတို့ကတော့ သူတို့ကိုမထောက်ခံလို့ ဆန့်ကျင်တဲ့ပြည်သူတွေကို မတရားတဲ့အခွင့်အာဏာတွေ သုံးပြီး မတရားတဲ့ပုဒ်မတွေတပ်ပြီး ဘယ်လောက်ပဲဖိနှိပ်နေပါစေ ပြည်သူ့တော်လှန်ရေးကတော့ ဆက်လက်အရှိန်မြင့်နေဆဲပါပဲ။ ထောင်တွင်းအကျဥ်းချထားလို့သာ ရပါမယ်၊ ကျွန်တော်တို့ ရဲဘော်တွေရဲ့တော်လှန်စိတ်ကိုတော့ အကျဥ်းကျထားလို့မရပါဘူး။ တရားမဝင် စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံတရားရုံးက ကျွန်တော်တို့မန္တလေးသပိတ်အင်အားစုရဲဘော်တွေအပေါ် ထောင်ဒဏ်အသီးသီး ချမှတ်စီရင်မှုအပေါ် ကန့်ကွက်ရှုံ့ချပါတယ်။ တရားလဲမဝင်ပါဘူး။ သူတို့တွေဘယ်လောက်ပဲဖိနှိပ်နေပါစေ ကျွန်တော်တို့မန္တလေးသပိတ်အင်အားစုအနေဖြင့် ကျဆုံးဖမ်းဆီးခံရဲဘော်တွေကိုယ်စား ဆက်လက်ပြီးပုံစံမျိုးစုံနဲ့ တော်လှန်သွားမှာပါ “ လို့ မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင် ကိုပိုင်နွေဦးက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင် (၁၀၀)ဝန်းကျင်ဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံထားရပြီး အဲဒီထဲမှာ ကိုကျော်သီဟစိုးလိုပဲ အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲဆိုခံထားရသူတွေလည်း ရှိနေတယ်လို့ သပိတ်အင်အားစုဆီက သိရပါတယ်။

အခုနှစ် ဧပြီလဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနဲ့ မဂျာဆိုင်းအောင် တို့ကိုလည်း မနေ့ စက်တင်ဘာ(၁)ရက်မှာ ထောင်တွင်းတရားရုံးက ပုဒ်မ ၅၀၅(က) အမှုအတွက် ထောင်ဒဏ်(၃)နှစ်စီ ချမှတ်ခဲ့တယ်လို့လည်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

မတရားတဲ့အမိန့်တွေနဲ့ ထောင်ဒဏ်ချမှတ်နေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ပြီး မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားသူရဲကောင်းတွေနဲ့ အကျဉ်းချခံ ဓမ္မဘက်တော်သားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လေးနက်စွာတောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးသပိတ်အင်အားစု #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဖမ်းဆီးခံရ #ပြစ်ဒဏ်ချမှတ် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ