စစ်အုပ်စုက ဩဂုတ် (၂၉)ရက်မှာ စစ်ကိုင်းတိုင်းထဲက နေရာလေးခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး (၁၇) နှစ်အရွယ် လူငယ်တစ်ဦးကို ပစ်သ-တ်

စစ်အုပ်စုက ဩဂုတ် (၂၉)ရက်မှာ စစ်ကိုင်းတိုင်းထဲက နေရာလေးခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး (၁၇) နှစ်အရွယ် လူငယ်တစ်ဦးကို ပစ်သ-တ်

MFP ၊ ဩဂုတ် - ၃၀

စစ်အုပ်စုက ဩဂုတ်လ (၂၉)ရက်မှာ စစ်ကိုင်းတိုင်းထဲက နေရာလေးခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး (၁၇) နှစ်အရွယ် လူငယ်တစ်ဦးကို ပစ်သ-တ်ခဲ့တယ် လို့ MFP က ပြုစုထားတဲ့ စာရင်းတွေအရ တွေ့ရပါတယ်။

ကျွန်းလှမြို့နယ်က အင်းလျားရှည်ရွာမှာ နေအိမ် (၁၇) လုံး၊ ကနီမြို့နယ် ဝါးတန်းရွာ(ရှေ့/နောက်) နေအိမ် ၁၁ လုံး၊ အိုင်တောတောတိုက်က နေအိမ် တစ်လုံးနဲ့ စစ်ကိုင်းမြို့နယ် တောင်မြို့ရွာ နေအိမ် (၃၇) လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး တောင်မြို့ရွာသား မောင်ထက်မြတ်ဇင် (၁၇နှစ်) ပစ်သ-တ်ခံရကာ ပြည်သူ (၂၅) ဦး ဖမ်းဆီးခံထားရပါတယ်။

ဩဂုတ်လ (၂၈) ရက်ကလည်း စစ်အုပ်စုက မော်လိုက်မြို့နယ်ထဲက အရပ်သားပြည်သူ (၁၂) ဦးကို သ-တ်ဖြ-တ်ခဲ့ပြီး ကနီမြို့နယ်ထဲက စာသင်ဆောင်နဲ့ ဆေးဝါးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စစ်အုပ်စုက ဩဂုတ်လ ၂၈ ရက် မှာ ‌စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲက ကုန်းဝါရုံသာရွာကို ဝင်ရောက်ခဲ့စဉ် ရွာသား (၁၈) ဦးကိုဖမ်းဆီးခဲ့ပြီးနောက် ရွာသား (၁၂) ဦးကို ပစ်သ-တ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် (၂၉) ရက် စစ်ရေးထုတ်ပြန်ချက်မှာ ဖေါ်ပြခဲ့ပါတယ်။

ကနီမြို့နယ်မှာ စစ်အုပ်စုက သရက်ပင်ရွာ စာသင်ဆောင်၊ စာရေးကိရိယာများ၊ စာသင်ကျောင်းထဲလာရောက်ထားရှိတဲ့ အများပြည်သူပိုင် အိမ်ထောင် ပရိဘောဂပစ္စည်းတွေကို မီးရှို့ဖျက်ဆီးပြီး သရက်ပင်တိုက်နယ်ဆေးရုံရှိ တန်ဖိုးကျပ်သိန်းနှစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို အချို့ဆေးဝါးပစ္စည်းကိရိယာတွေကိုလည်း ရေတွင်းနှစ်တွင်းထဲ ပစ်ချဖျက်ဆီးခဲ့တယ်လို့ ကနီဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၂၀,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နေအိမ်မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ