ဒီပဲယင်းနယ်မှာ စစ်အုပ်စုက ပြည်သူ လေးဦးကို ဘုရားဝင်းထဲမှာ နှိပ်စက် သ-တ်-ဖြတ်ခဲ့၊

ဒီပဲယင်းနယ်မှာ စစ်အုပ်စုက ပြည်သူ လေးဦးကို ဘုရားဝင်းထဲမှာ နှိပ်စက် သ-တ်-ဖြတ်ခဲ့၊

MFP ၊ သြဂုတ် - ၁၄

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း သ-တ်-ဖြတ် နေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က ဖုတ္ထန်းတောရွာထဲ ဝင်မွှေလုယက်ပြီးနောက် ရွာကပြန်အထွက်မှာ ဒေသခံပြည်သူ လေးဦးကို သ-တ်-ဖြတ် ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၁၃)ရက် မနေ့က ညနေ(၃)နာရီမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဒီပဲယင်းနယ် ဖုတ္ထန်းတောရွာထဲ ဝင်မွှေလုယက် သောင်းကျန်းခဲ့ပြီးနောက် ဒီနေ့ သြဂုတ်(၁၄)ရက် မနက်ပိုင်း ရွာထဲက ပြန်ထွက်သွားချိန် ဒေသတွင်း တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်တဲ့ ရွှေဂူကြီး ဘုရားထဲမှာ ပြည်သူ လေးဦးကို သ-တ်-ဖြတ် ခဲ့တာလို့ ဆိုပါတယ်။

“ဖုတ္ထန်းတောကျေးရွာကို ဝင်ရောက် စစ်ကြောင်းထိုးသွားသော အကြမ်းဖက် စကစ စပ်တပ်သည် ကျေးရွာအတွင်းရှိ နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ ရွှေဂူကြီး ဘုရားဝန်း အတွင်းတွင် ပြည်သူလေးဦးကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်သွားကြောင်း မြေပြင်သတင်းများအရ သိရှိရပါသည်။ ၎င်းပြည်သူ လေးဦးမှာ ကိုဇော်ဦး၊ ကိုခိုင်လင်း၊ ကိုမင်းသန့်နှင့် အမည်မသိသေးသော ပြည်သူတစ်ဦးတို့ ဖြစ်ကြောင်း ကနဦး သတင်း အတည်ပြု ရရှိထားပါသည်” လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုက ဖမ်းဆီးနှိပ်စက်ပြီး ဘုရားဝင်းထဲမှာ သ-တ်-ဖြတ်သွားတဲ့ ပြည်သူတွေဟာ ဒီပဲယင်းမြို့နယ် ရေကြည်ဝရွာက တစ်ဦး၊ ပေါက်ချိုင်ရွာက နှစ်ဦးနှင့် မူးကမ်းကြီးရွာက တစ်ဦး ဖြစ်ကာ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ဓားစာခံလူသားဒိုင်းအဖြစ် အဖမ်းခံထားရသူတွေ ဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် ဒေသခံတွေက ဆိုပါတယ်။

ယခုလဆန်းပိုင်းကတည်းက ဒီပဲယင်းနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးထားပြီး ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချကာ ထင်တိုင်းကျဲ ညှဉ်းပန်းနှိပ်စက် သ-တ်-ဖြတ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဒီပဲယင်းနယ်ထဲ မွှေနေတဲ့ စစ်အုပ်စုနဲ့အတူ ဒေသခံပြည်သူ အများအပြား ဖမ်းဆီးခံထားရပေမယ့် အရေအတွက် အတိအကျ မသိရသေးသလို ဘယ်နှဦး ပြန်လါတ်ပြီး ဘယ်နှဦး သ-တ်-ဖြတ်ခံရတယ်ဆိုတာလည်း အတည်ပြုနိုင်ဖို့ ဖက်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က ဖုတ္ထန်းတောရွာထဲ စီးနင်းသောင်းကျန်းရာမှာ တစ်အိမ်တက်ဆင်း ဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းတွေ ရှာဖွေခိုးယူကာ နေအိမ်တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ဖုတ္ထန်းတောရွာထဲက ထွက်ပြီး မူးအုန်း၊ တိုက်ရွာ နှင့် သရက်ကန်ရွာတွေဘက် ထွက်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း သ-တ်- ဖြတ် နေလို့ ဒီပဲယင်းနယ်ထဲက ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး အခက်တွေ့နေကြရပါတယ်။

ဒီပဲယင်းမြို့နယ် ဖုတ္ထန်းတောရွာထဲ စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဝင်မွှေလုယက် ခိုးယူ သောင်းကျန်းသွားစဉ် /Photo - ဒီပဲယင်း ပအဖ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #ဖုတ္ထန်းတော #ပြည်သူ #အိမ် #ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ