ပုလဲမှာ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခံရမှု (၈)တန်းကျောင်းသား အပါ (၁၁)လောင်း တွေ့ရှိထား၊ စကစ ကွန်မန်ဒိုတွေက PDF နဲ့ မြေပြင်မှာ ယှဉ်မတိုက်ရဲဘဲ ရဟတ်ယာဉ် ပစ်ကူခေါ်ပြီး ထွက်ပြေး၊

ပုလဲမှာ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခံရမှု (၈)တန်းကျောင်းသား အပါ (၁၁)လောင်း တွေ့ရှိထား၊ စကစ ကွန်မန်ဒိုတွေက PDF နဲ့ မြေပြင်မှာ ယှဉ်မတိုက်ရဲဘဲ ရဟတ်ယာဉ် ပစ်ကူခေါ်ပြီး ထွက်ပြေး၊

MFP ၊ အောက်တိုဘာ - ၂၈

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ဖလံပင်ရွာအနီး ပုလဲမြို့နယ် ပအဖ၊ ပလဖ ရုံးနှင့် အနီးဝန်းကျင် ကျေးရွာတွေကို အောက်တိုဘာ(၂၅)ရက်မှာ စစ်အုပ်စုက ရဟတ်ယာဉ် ငါးစီးနဲ့ ပစ်ခတ်ပြီး သုံးရက်ကြာ စီးနင်းသောင်းကျန်း သတ်ဖြတ်သွားရာ မနေ့က ညနေပိုင်းအထိ (၈)တန်းကျောင်းသား အပါအဝင် အလောင်း (၁၁)လောင်း တွေ့ရှိထားတယ်လို့ ပုလဲမြို့နယ် ပ.အ.ဖ ဥက္ကဌ က MFP ကို ပြောပါတယ်။

လက်ရှိ ရှာဖွေတွေ့ရှိထားတဲ့ အလောင်း (၁၁)လောင်းမှာ (၈)တန်းကျောင်းသားတစ်ဦး၊ PDF ရဲဘော်တစ်ဦးနှင့် ပုလဲ ပအဖ အချုပ်ခန်းက အချုပ်သား ကိုးဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမနက်ပိုင်းမှာလည်း ကျောင်းသားကလေးငယ် တစ်ဦးရဲ့ သေဆုံးအလောင်းတစ်လောင်း ထပ်တွေ့တယ်လို့ သတင်းကြားပြီး အတည်ပြုနေဆဲ ဖြစ်ကြောင်းနှင့် နောက်ထပ် အလောင်းတွေ ထပ်ရှိနိုင်သေးတာကြောင့် ဆက်လက် ရှာဖွေနေဆဲလို့ ပုလဲ ပအဖ ဥက္ကဌက ပြောပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၂၅)ရက် မွန်းလွဲပိုင်းက ပုလဲနယ် ဖလံပင်ရွာအနီးက ပုလဲ ပအဖ နှင့် ပကဖ ရုံးတွကို စစ်ရဟတ်ယာဉ် ငါးစီးနဲ့ စီးနင်းတိုက်ခိုက်ပြီး အင်အား (၁၀၀) ကျော် ချထားခဲ့ကာ အနီးဝန်းကျင် ကျေးရွာတွေထဲ သုံးရက်ကြာ စီးနင်းသောင်းကျန်း သတ်ဖြတ်၊ မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာ(၂၇)ရက်မှာ ပုလဲနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ မြေပြင်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်အုပ်စု အထူးကွန်မန်ဒိုတွေက PDfတွေနဲ့ ယှဉ်မတိုက်ရဲဘဲ ရဟတ်ယာဉ်တွေ ပစ်ကူခေါ်ကာ ထွက်ပြေးသွားတယ်လို့ ပုလဲနယ် Local PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဘက်ကတော့ ပုလဲ ပအဖ စခန်းကို စစ်ရဟတ်ယာဉ်တွေ အပါအဝင် အထူးကွန်မန်ဒိုတွေက စီးနင်းခဲ့မှုမှာ ပုလဲ ပအဖ က ဖမ်းဆီးထားတဲ့ အရာရှိ ဇနီး အပါအဝင် (၂၆)ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်းနဲ့ PDF အလောင်း (၁၅)လောင်း ရရှိတယ်လို့ သတင်း ဖြန့်ထားပါတယ်။

စစ်အုပ်စုဟာ ကလေးသူငယ်တွေ အပါအဝင် ရဟတ်ယာဉ်တွေနဲ့ မဲမဲမြင်ရာ ပစ်သတ်သွားတာ ဖြစ်ပြီး စကစရဲ့ အထူးကွန်မန်ဒို ဆိုသူတွေကတော့ မြေပြင်မှာ PDF တွေနဲ့ ထိပ်တိုက် ရင်ဆိုင် မတိုက်ရဲဘဲ တိုက်ပွဲစတာနဲ့ ရဟတ်ယာဉ် ပစ်ကူခေါ်ပြီး ထွက်ပြေးသွားတာလို့ ပုလဲဒေသ ကာကွယ်ရေး ရဲဘော်တွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #ပအဖ #ပလဖ #ဖလံပင်ရွာ