MFP ရဲ့ စက်တင်ဘာ(၁၄)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၁၄)ရက် မန္တလေး သတင်းများ

 

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၁၄)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုနှင့် မြေပြင် လှုပ်ရှားသွားလာမှု သတင်း အချက်အလက်တွေကို အများပြည်သူ သိအောင် တင်ဆက်ပေးနေတဲ့ Voice of Mandalay (VOMDY) ရဲ့ Page Admin (အက်ဒမင်) တစ်ဦးဖြစ်သူ မယုဝေမြင့်ကို စစ်အုပ်စုက ဖမ်းဆီးပြီးနောက် သတင်းအမှောင်ချကာ ကျန်တဲ့ အက်ဒမင်တွေနှင့် ဆက်စပ်သူတွေ ကိုပါ ခြေရာခံ ဖမ်းဆီးဖို့ ကြိုးစားနေပါတယ်။ ဖုန်းကျကျန်ခဲ့ပြီးနောက်ပိုင်း မယုဝေမြင့်ကို စက်တင်ဘာ(၄)ရက်က မန္တလေး မြောက်ပြင်ရှိ နေအိမ်မှာ စစ်အုပ်စုက စီးနင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ စစ်လော်ဘီတွေကတော့ VOMDY ရဲ့ ပေ့ချ်အက်ဒမင်တွေနှင့် ဆက်သွယ် သတင်းပေးသူတွေ အပါအဝင် စုစုပေါင်း (၁၀)ဦးထက်မနည်းကို ဖမ်းထားတယ်လို့ သတင်းဖြန့်ပါတယ်။

၂။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးအနီးက စတိုးဆိုင်တစ်ခုမှာ အရက်လာဝယ်တဲ့ အမှတ်(၁၀) ရဲစခန်းက နယ်ထိန်း ရခိုင်ကြီးဆိုသူကို စက်တင်ဘာ(၈)ရက်က ပစ်ခတ် ရှင်းလင်းခဲ့ရာမှာ Webley Gun (ခြောက်လုံးပြူး) တစ်လက်၊ ကျည်(၁၂)တောင့်၊ ယာဉ်မောင်းလိုင်စင်၊ စကားပြောစက်တစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ လက်ထိပ်နှစ်စုံနဲ့ ဖုန်းစာအုပ်နှစ်အုပ် သိမ်းဆည်း ရရှိခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

၃။ မြင်းခြံကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးဘက် ထွက်လာတဲ့ စကစ လုံခြုံရေးတွေပါတဲ့ ဆီတင်သင်္ဘောတွေကို ဒီမနက်ပိုင်း ဒရုန်းသုံးပြီး အီနာဂါဗုံးသီးနဲ့ နှစ်ကြိမ် ဗုံးထု တိုက်ခိုက်ခဲ့ရာမှာ စကစ နှစ်ယောက် သေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM က သတင်း ထုတ်ပြန်ပါတယ်။

#mfp #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ