MFP ရဲ့ စက်တင်ဘာ(၂၀)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၂၀)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၂၀)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှု (Spring Mandalay Investment) စီမံကိန်းအဖြစ် မန္တလေးမြို့က စစ်အုပ်စု သိမ်းယူထားတဲ့ မြေနေရာ သုံးခုကို အရစ်ကျ၊ လျှော့ဈေးတွေနဲ့ စတင်ရောင်းချပြီဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ အာဏာရှင် အဆုံးသတ်နိဂုံး (EOD) အစီအစဉ်က ထုတ်ပြန် ကြေညာပါတယ်။

မန္တလေးမြို့လယ်၊ (၇၈)လမ်းနှင့် (၇၃)လမ်းကြား၊ (၃၈)လမ်းနှင့် မန္တလေး တက္ကသိုလ် ရေနီမြောင်ကြားက မင်းအောင်လှိုင် အပိုင်စီးပြီး ရတနာပုံ (အောင်ပြည့်စုံ) ခန်းမအဖြစ် ဖွင့်လှစ်ထားတဲ့ စစ်အုပ်စုပိုင် နေရာ၊ မန္တလေးတောင်ခြေက စစ်အုပ်စု သိမ်ယူထားတဲ့ နေရာနဲ့ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင် ဂေါက်ကွင်းနဲ့ မန္တလေးနည်းပညာ တက္ကသိုလ် (MIT) အနီးက စစ်အုပ်စု သိမ်းယူထားတဲ့ မြေနေရာတွေကို နွေဦးတော်လှန်ရေး ရန်ပုံငွေ အိမ်ရာစီမံကိန်းတွေ အဖြစ် အရစ်ကျ လျှော့ဈေးနဲ့ စတင်ရောင်းချတာ ဖြစ်ပါတယ်။ ဝယ်ယူ ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ မြေပိုင်ဆိုင်ခွင့် ရမှာဖြစ်ပြီး အဲ့ဒီ မြေနေရာတွေကို ကာလပေါက်ဈေးရဲ့ သုံးပုံတစ်ပုံနှုန်းနဲ့ ရောင်းချပေးကာ ငွေပေးချေမှုကိုလည်း အရစ်ကျစနစ်နဲ့ ပေးချေးနိုင်မှာ ဖြစ်တယ်လို့ NUG ရဲ့ EOD က ကြေညာပါတယ်။

၂။ မြင်းခြံမြို့နယ် မြင်းခြံ - မြို့သာလမ်းပေါ်က ကုက္ကဲရွာ ရဲကင်းစခန်း မနေ့ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးထု ခံရသလို ပစ်ခတ် တိုက်ခိုက်ခံရပြီး စကစတွေ အထိအခိုက် အသေအပျောက် ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုက္ကဲရဲကင်းစခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ရဲအချင်းချင်း စကားများပြီး လက်နက်ကြီးကျည် ထွက်သွားတာလို့ စစ်အုပ်စုက သတင်းလွှင့်ထားပြီး တခြား ရဲတွေ ကြောက်စိတ်ဝင်ပြီး ထွက်ပြေးတာမျိုး မဖြစ်အောင် သတင်းလိမ်ထားတယ်လို့ ဆိုပါတယ်။

၃။ တောင်သာနဲ့ မြင်းခြံမြို့နယ်ထဲက စကစခန့်အုပ်ကြီး၊ ပျူစောထီးခေါင်းဆောင်နဲ့ သတင်းပေး သုံးယောက်ကို ရှင်းလင်းခဲ့တယ်လို့ ပြောက်ကျားတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ တောင်သာမြို့နယ်၊ သာယာမြိုင်ရွာ အုပ်ကြီး ခင်မောင်ဝင်းနဲ့ ညီဝမ်းကွဲ ပျူစောထီး ဝင်းစော၊ တောင်သာမြို့နယ် ခြုံကြီး(အနောက်)ရွာက စစ်ကောင်စီ သတင်းပေးအဖြစ် လုပ်ကိုင်နေသူ ဌေးလှိုင်တို့ကို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ