မင်္ဂလာပါခင်ဗျာ။ ဩဂုတ်(၂၉)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။
၁။ လူ(၉)ဦး သေဆုံးခဲ့တဲ့ ပြင်ဦးလွင် မြို့ရှောင်လမ်း ယာဉ်တိုက်မှု ဖြစ်စဉ်မှာ တွဲကားယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထွက်ပြေးသွားပါတယ်။ သြဂုတ်(၂၈)ရက် ည(၇)နာရီခွဲက ပြင်ဦးလွင် မြို့ရှောင်လမ်း၊ ထင်းရှူးတောအနီးမှာ လားရှိုးဘက်ကနေ မန္တလေးဘက် မောင်းနှင်လာတဲ့ ဘိလပ်မြေအိတ်တင် (၂၂)ဘီးတွဲကားက ရှေ့ကားကို ကျော်တက်ရင်း မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ လိုက်ထရပ်ယာဉ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိကာ ချိတ်မိပြီးနောက် လမ်းညာဘက်ခြမ်းကို ထိုးကျတိမ်းမှောက်ခဲ့တာပါ။ အဲဒီ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် လိုက်ထရပ်ကားပေါ်ပါ ခရီးသည် (၁၄)ဦးအနက် အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၃)ဦး၊ စုစုပေါင်း (၉)ဦး သေဆုံးပြီး ကျန်(၅)ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိကာ ဆေးရုံပို့ထားရတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူတွေက ဆိုပါတယ်။
၂။ မိုးကုတ်မှာ ဒီမနက် တိုက်ပွဲ ဖြစ်ပြီး စကစ (၁၅)ယောက် ထက်မနည်း သေတယ်လို့ မိုးကုတ်ဒေသ အခြေပြု Thabeikkyin PDF NUG တပ်ရင်းအမှတ် (၁၂၂၂)က သတင်း ထုတ်ပြန်ပါတယ်။
၃။ မန္တလေးမြို့က မြို့မအသင်း နာယက၊ နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါ ဩဂုတ်(၂၈)ရက်၊ မနေ့ည သန်းခေါင်အချိန်မှာ ကွယ်လွန်အနိစ္စရောက်တယ်လို့ မြို့မတူရိယာအသင်းက ထုတ်ပြန်ပါတယ်။ "နှစ်ကိုယ်ချစ်သမျှ"သီချင်းကို စတင်မွေးဖွားတဲ့သူ၊ "သင်္ကြန်မိုး"ဇာတ်ကားရဲ့ နောက်ဆုံးသက်ရှိထင်ရှား ဂီတမှူး၊ မန္တလေးမြို့မ တူရိယာအသင်းကြီးရဲ့ ဂုဏ်ထူးဆောင်နာယက ဂီတမှူး စတဲ့ ခေါင်းစဉ်ပေါင်းမြောက်များစွာကို ပိုင်ဆိုင်ထားတဲ့ မြို့မ ဆရာပေါ (အကယ်ဒမီကိုပေါ)ဟာ ကွယ်လွန်ချိန်မှာ အသက်(၉၅)နှစ် ရှိပြီ ဖြစ်ပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ