လက်ပံတောင်း ကြေးနီစီမံကိန်း ပတ်လည်မှာ ဖက်ဆစ်တပ် ထောင်ထားတဲ့ မိုင်းတွေ တွေ့ရှိ၊ သူတို့မိုင်းနဲ့ သူတို့ကို ပြန်တိုက်မယ်လို့ မြောက်ယမားတပ်ဖွဲ့ပြော၊

လက်ပံတောင်း ကြေးနီစီမံကိန်း ပတ်လည်မှာ ဖက်ဆစ်တပ် ထောင်ထားတဲ့ မိုင်းတွေ တွေ့ရှိ၊ သူတို့မိုင်းနဲ့ သူတို့ကို ပြန်တိုက်မယ်လို့ မြောက်ယမားတပ်ဖွဲ့ပြော၊

MFP ၊ သြဂုတ် - ၁၉

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပတ်လည်မှာ အာဏာသိမ်း ဖက်ဆစ်တပ်က ထောင်ထားတဲ့ နင်းမိုင်းတွေ အလုံး (၈၀)နီးပါး တွေ့ရှိခဲ့တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ယင်းမာပင်မြို့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁၈)ရက် မနက်ပိုင်းမှာ တရုတ်ရဲ့ ကြေးနီစီမံကိန်း ပတ်လည် ဖက်ဆစ်တပ်က ထောင်ထားတဲ့ နင်းမိုင်း တွေကို မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ခွဲ Myanmar ချီဂွေဗားရားအဖွဲ့က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ နင်းမိုင်း (၇၈)လုံး တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ပြီး ထောင်ထားတဲ့ မိုင်းတွေ ကျန်နေနိုင်သေးတယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက MFP ကို ပြောပါတယ်။

“ကြေးနီစီမံကိန်း ပတ်ပတ်လည်မှာ ထောင်ထားတာ။ ဓာတ်အားလိုင်းတွေ အောက်မှာလည်း ထောင်ထားတယ်။ လယ်ကွင်းတွေထဲမှာလည်း ထောင်ထားတယ်။ မိုင်းကွဲရင် ပြည်သူတွေ၊ ကျွဲ၊နွားတွေ အကုန်းလုံး ထိနိုင်တယ်” လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကြေးနီစီမံကိန်း ဧရိယာရဲ့ ပေ(၂၀)ခန့်ကို ပြည်သူတွေ မလာရသတ်မှတ်ထားပြီး အဲ့ဒီ ကန့်သတ် ဧရိယာထဲမှာလည်း မိုင်းတွေ အများအပြား ထောင်ထားသလို ယခု တွေ့ရှိတဲ့ မိုင်းတွေကတော့ ကန့်သတ်ဧရိယာရဲ့ အပြင်ဘက် လူသွားလူလာရှိတဲ့ လမ်းမတွေ၊ လယ်ကွင်းတွေနှင့် ဓာတ်အားလိုင်းအောက်တွေမှာ ထောင်ထားတာလို့ ဆိုပါတယ်။

“တော်တော်ကို ရက်စက်ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်ပါ။ ကျနော်တို့က ဒီမိုင်းတွေကို ပြန်သုံးမှာ။ သူတို့မိုင်းနဲ့ သူတို့ကို ပြန်တိုက်မှာ” လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက MFP ကို ပြောပါတယ်။

တရုတ် ကြေးနီစီမံကိန်း အစောင့်ကျ ဖက်ဆစ်တပ်ဟာ ပြီးခဲ့တဲ့ လတွေအတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ရွာတွေကို ဝင်မွှေလုယက် မီးရှို့ကာ ဒေသခံ ပြည်သူတချို့ကို ဖမ်းဆီး ညှဉ်းပန်း သ-တ်-ဖြတ်တာ၊ မီးရှို့ သ-တ်-ဖြတ်တာတွေ ကျူးလွန်ခဲ့ပါသေးတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #လက်ပံတောင်း #ကြေးနီစီမံကိန်း #တရုတ် #PDF #မိုင်း