စစ်အုပ်စုက ရဟတ်ယာဉ်နှစ်စင်းနဲ့ ပစ်ကူပေးခဲ့ရတဲ့ ရင်ပေါင်တိုင်ရွာ တိုက်ပွဲ၊

စစ်အုပ်စုက ရဟတ်ယာဉ်နှစ်စင်းနဲ့ ပစ်ကူပေးခဲ့ရတဲ့ ရင်ပေါင်တိုင်ရွာ တိုက်ပွဲ၊

MFP ၊ သြဂုတ် - ၁၅

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာထဲ စီးနင်းသောင်းကျန်း နေတဲ့ အကြမ်းဖက် စစ်အုပ်စုကို သြဂုတ်(၁၂)ရက်က ဒေသကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတွေ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အထိနာတဲ့ စစ်အုပ်စုက ရဟတ်ယာဉ်နှစ်စင်းနဲ့ ပစ်ကူပေးတာကြောင့် ပြန်လည်ဆုတ်ခွာ ခဲ့ရတယ်လို့ ချင်းတွင်း ဂဠုန်ရာဇာ တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

“၅/ အညာသားတွေရဲ့ mission Raven တောကျီးကန်း စစ်ဆင်ရေး” အဖြစ် ရင်ပေါင်တိုင်ရွာထဲ စီးနင်းဝင်ရောက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို သြဂုတ်(၁၂)ရက် ညနေပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအချိန် နှစ်နာရီကျော် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူ့ရဲဘော်များ ဘက်မှ ထိုးစစ် အားသာခဲ့ပြီး စခများဘက် အထိအခိုက်များနိုင်ချေ ရှိသောကြောင့် (MI-35) နှင့် ထောက်ပို့ ပုစဉ်းဖြင့် ဝေဟင်ပစ်ကူ ရယူခဲ့‌သော်လည်း အခက်အခဲ အန္တရာယ်များ ကြားမှ ရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည် ထွက်ခွါနိုင်ခဲ့ပါသည်” လို့ ချင်းတွင်းဂဠုန်ရာဇာ တပ်ဖွဲ့က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ သြဂုတ်(၁၁)ရက် ညနေပိုင်းက ယင်းမာပင်မြိုနယ်၊ ရင်ပေါင်တိုင်ကျေးရွာကို ရဟတ်ယာဉ် ငါးစင်းနဲ့ ပစ်ခတ်သလို စကစ အင်အားအများအပြား ချထားပေးပြီး ကျေးရွာအတွင်း စီးနင်းဝင်မွှေ သောင်းကျန်းခဲ့ကာ သြဂုတ်(၁၄)ရက်မှ ရွာထဲက ပြန်ထွက်သွားတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းက ပစ်ခတ်မှုနှင့် ကျေးရွာကို စီးနင်းပြီး ဖမ်းဆီး သ-တ်-ဖြတ်မှုတွေကြောင်း ဒီနေ့ ည(၈)နာရီအထိ ရင်ပေါင်တိုင်ရွာထဲ ဒေသခံပြည်သူ (၃၁)ဦးရဲ့ အလောင်းတွေ တွေ့ရှိထားပြီး ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူတွေ အပါအဝင် ပြည်သူ(၃၀)ခန့်လည်း အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုက ပုလဲနယ်က မုံသွင်၊ ချင်ပြစ် စတဲ့ ရွာတွေ အပါအဝင် ယင်းမာပင်နှင့် ပုလဲနယ်စပ်က ရွာတွေကို ဝင်မွှေလုယက် သောင်းကျန်းနေပြီး ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ရင်ပေါင်တိုင်ရွာထဲ စီးနင်း သောင်းကျန်း သ-တ်-ဖြတ် နေတဲ့ စစ်အုပ်စုကို ချင်းတွင်း ဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့၊ TripleTwoTask Force ၊ Alpha Special Force၊ YLB PDF ၊ MTOF နှင့် ညီနောင်မဟာမိတ် တပ်ပေါင်းစုတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ရင်ပေါင်တိုင် #ပုလဲ #မီးရှို့ #ရွာ #PDF #ချင်းတွင်းဂဠုန်ရာဇာ