မန္တလေးမှာ ရပ်ကွက်ရုံး ဗုံးထုခံရပြီးနောက် အနီးက ခရစ်ယာန်မိဘမဲ့ကလေးကျောင်းကို စစ်အုပ်စု ချိတ်ပိတ်၊ CDM ကျန်းမာရေးဝန်ထမ်းတွေက PDF ကို ဆေးကုပေးတဲ့နေရာမို့ ချိတ်ပိတ်တာလို့ စစ်လော်ဘီတွေဆို၊

မန္တလေးမှာ ရပ်ကွက်ရုံး ဗုံးထုခံရပြီးနောက် အနီးက ခရစ်ယာန်မိဘမဲ့ကလေးကျောင်းကို စစ်အုပ်စု ချိတ်ပိတ်၊ CDM ကျန်းမာရေးဝန်ထမ်းတွေက PDF ကို ဆေးကုပေးတဲ့နေရာမို့ ချိတ်ပိတ်တာလို့ စစ်လော်ဘီတွေဆို၊

MFP ၊ နိုဝင်ဘာ - ၃

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးထု တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ရပ်ကွက်ထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေကာ မနေ့က ညပိုင်းမှာတော့ တစ်ရပ်ကွက်ထဲမှာ ရှိတဲ့ ခရစ်ယာန်မိဘမဲ့ကလေးကျောင်းကို ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုဝင်ဘာ(၂)ရက် မနေ့က ညနေ(၅)နာရီကျော်ကတည်းက ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ တတ(၅၂)၊ (၅၄)လမ်းနှင့် (၅၅)လမ်းကြားက ခရစ်ယာန် မိဘမဲ့ကလေးကျောင်းကို စစ်အုပ်စုက စီးနင်းဝင်မွှေ သောင်းကျန်းခဲ့ပြီး ညဦးပိုင်းမှာတော့ ကလေးတွေကို ကျောင်းပေါ်က ဆွဲချ မောင်းထုတ်ကာ ကျောင်းကို ချိတ်ပိတ်သွားတာလို့ ဆိုပါတယ်။

စစ်အုပ်စုက ဘာကြောင့် ကျောင်းကို ချိတ်ပိတ်တယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

အောက်တိုဘာ (၃၁)ရက်က ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက် (၁၂၃)လမ်းနဲ့ (၅၈)လမ်းထောင့်က (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးထုတိုက်ခိုက်ခံရပြီး စစ်ကောင်စီ သစ္စာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးမောင်မောင်ခင် (၅၀)နှစ်၊ ရာအိမ်မှူး အောင်ကျော်ဦး (၆၃)နှစ်၊ ရာအိမ်မှူး ဝင်းစိုး (၄၅)နှစ်၊ စစ်ကောင်စီ သစ္စာခံ ပျူအဖွဲ့ဝင်တွေဖြစ်တဲ့ သိန်းဖြိုးဝေ (၂၁)နှစ်၊ ရှိင်းမြတ်ဦး (၁၇)နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိတယ်။

အဲ့ဒီ ရပ်ကွက်ရုံး ဗုံးထုတိုက်ခိုက်မှုကို Anonymous Force MDY၊ Mandalay Youngs Force - MYF နဲ့ Truth Keeping Force - AMA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး (စ)ရပ်ကွက်ရုံးဟာ စစ်အုပ်စုနဲ့ ပျူတွေ စတည်းချပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်တာတွေ လုပ်ဆောင်နေတဲ့အတွက် တိုက်ခိုက်တာလို့ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စကစ တစ်ယောက် သေပြီး ငါးယောက် ဒဏ်ရာရတယ်လို့ အထက်ပါ မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက ထုတ်ပြန်ထားပေမယ့် စစ်အုပ်စုဘက်ကတော့ လူသေတာ မရှိဘူးလို့ သတင်းဖြန့်ပါတယ်။

ရပ်ကွက်ရုံး ဗုံးထုခံရပြီးနောက် စစ်အုပ်စုက ဧည့်စာရင်းအကြောင်းပြပြီး အိမ်တွေထဲ စီးနင်းဝင်မွှေသောင်းကျန်းတာ၊ စစ်ဆေးငွေညှစ်တာ၊ ကင်းပုန်းဝပ်ပြီး စောင့်ကြည့်တာတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခရစ်ယာန်မိဘမဲ့ကလေးကျောင်းမှာ နေထိုင်သူတွေကို မောင်းထုတ်ပြီး ကျောင်းကို ချိတ်ပိတ်ခဲ့တာနဲ့ ပတ်သက်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ရာမှာတော့ အဲဒီကျောင်းဟာ မန္တလေးမြို့က CDM ကျန်းမာရေးဝန်ထမ်းတွေ ဖမ်းမိတာရဲ့ နောက်ဆက်တွဲအဖြစ် အဲဒီကျောင်းမှာ PDF တွေကို ဆေးကုသပေးတာတွေရှိလို့ ချိတ်ပိတ်တာကို စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့က CDM အထူးကု ဆရာဝန်ကြီးတွေ အပါအဝင် CDM ကျန်းမာရေး ဝန်ထမ်း (၃၀)ကျော်ကို PDF တွေကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားပါတယ်။

စစ်အုပ်စု စီးနင်းဝင်မွှေ သောင်းကျန်းပြီး ချိတ်ပိတ်လိုက်တဲ့ မန္တလေးမြို့သစ်က ခရစ်ယာန် မိဘမဲ့ ကလေးကျောင်း/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန် #ခရစ်ယာန်မိဘမဲ့ကလေးကျောင်း #ချိတ်ပိတ်ခံရ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ