မန္တလေးမှာ စကစနှစ်ယောက် မူးရူးရန်ဖြစ်ရာက အချင်းချင်းပစ်ခတ်ပြီး တစ်ယောက် ပွဲချင်းပြီး သေ၊ ဝမ်းတွင်းမြို့နယ် စခန်းမှူးလည်း ရှင်းလင်းသုတ်သင်ခံရ၊

မန္တလေးမှာ စကစနှစ်ယောက် မူးရူးရန်ဖြစ်ရာက အချင်းချင်းပစ်ခတ်ပြီး တစ်ယောက် ပွဲချင်းပြီး သေ၊ ဝမ်းတွင်းမြို့နယ် စခန်းမှူးလည်း ရှင်းလင်းသုတ်သင်ခံရ၊

MFP ၊ အောက်တိုဘာ - ၁၀

မန္တလေးမြို့မှာ လျှပ်စစ်ရုံး ဂိတ်စောင့်ရင်း ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေသလို သေနတ်ပစ်ဖောက် ရမ်းကားလေ့ရှိတဲ့ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေ မနေ့က ညနေပိုင်း မူးရူးရန်ဖြစ်ကာ အချင်းချင်း ပစ်ခတ်လို့ တပ်ကြပ်ကြီးအဆင့် တစ်ယောက် ပွဲချင်းပြီး သေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ မကြာခဏ တိုက်ခိုက်မှုခံရတဲ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၃၅)လမ်း၊ (၈၇)လမ်းနဲ့ (၈၈)လမ်းကြားမှာရှိတဲ့ မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးမှာ ဂိတ်အစောင့်ကျနေတဲ့ စစ်ကောင်စီ သစ္စာခံ တပ်ကြပ်ကြီးနှစ်ယောက် အောက်တိုဘာ (၉) ရက် မွန်းလွဲပိုင်းက အရက်မူးပြီး စကားများရာက အချင်းချင်း ပစ်ခတ်လို့ တစ်ယောက် ပွဲချင်းပြီး သေတာလို့ ဆိုပါတယ်။

“ အရက်မူးပြီးတော့ စကားများပြီး ပစ်ခတ်ကြတာလို့ ကြားရတယ်၊ မကွေးတိုင်းဘက်က ရောက်လာတဲ့ စခတွေ၊ တစ်ယောက်က ပွဲချင်းပြီး သေပြီးတော့ နောက်တစ်ယောက်ကတော့ နန်းတွင်းထဲကို ခေါ်သွားတယ်လို့ ပြောတယ် “ လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

မဟာအောင်မြေ လျှပ်စစ်ရုံး ဂိတ်အစောင့်ည စစ်အုပ်စုတွေဟာ ညနေပိုင်းအချိန် မူးရူးသောက်စားပြီး သေနတ်ပစ်ဖောက် ရမ်းကားလေ့ရှိသလို ဘန်ကာထဲကနေ လမ်းသွားလမ်းလာတွေကို အော်ဟစ်ဆဲဆို ရန်ပြုပစ်ခတ်တာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူပဲ မနေ့က အောက်တိုဘာ (၉) ရက် ညနေပိုင်းမှာ ဝမ်းတွင်းမြို့၊ မြို့မရဲစခန်းက ယာယီစခန်းမှူး တာဝန်ယူထားတဲ့ နယ်ထိန်းခေါင်းဆောင် ဗိုလ်စော (ခ) ရဲအုပ် စောနိုင်ဦးကို ပွဲချင်းပြီး ပစ်ခတ်သုတ်သင် ရှင်းလင်းနိုင်ခဲ့တယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) က ထုတ်ပြန်ပါတယ်။

ဝမ်းတွင်းမြို့လယ်က အမှတ် (၁) ရပ်ကွက်ရုံးရှေ့မှာ သေနတ်နဲ့ ခြောက်ပစ် ပစ်ခတ်ပြီး ရှင်းလင်းလိုက်တာလို့ WTRF က ဆိုပါတယ်။

“ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် အကြမ်းဖက် စကစ ထောက်တိုင်ဖြစ်သော မြို့မစခန်းမှ စောနိုင်ဦး (ခ) ဗိုလ်စော ရဲအုပ် (ယာယီစခန်းမှူးနှင့်န ယ်ထိန်းခေါင်းဆောင်) ပူးတွဲ တာဝန်ယူထားသော အကြမ်းဖက်သမားအား သီတင်းကျွတ် တော်လှန်ရေးအတွက် ဗြောက်ခြောက်ချက် ဖေါက်လိုက်ရာ နှလုံးခုန်ရပ်ပြီး ငရဲမင်းကို သွားရောက်တွေ့ဆုံရန် WTRF အဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပါသည် “ လို့ WTRF က ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ မဟာအောင်မြေ လျှပ်စစ်ရုံးရှေ့နှင့် ဝမ်းတွင်း ရဲစခန်း/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်သားအချင်းချင်းပစ်ခတ်သေဆုံး #စခန်းမှူး #သေနတ်ပစ်ခံရ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ