MFP ၊ အောက်တိုဘာ - ၇
စစ်တပ်က အာဏာသိမ်းတာကို လက်မခံကြောင်း ပထမဆုံးအကြိမ် လမ်းပေါ်ထွက် ဆန္ဒပြမှုအဖြစ် မန္တလေး ဆေးတက္ကသိုလ်ရှေ့မှာ ဆန္ဒပြရာက စစ်အုပ်စုရဲ့ ဖမ်းဆးထောင်ချတာ ခံခဲ့ရတဲ့ မန္တလေးမြို့က ကျောင်းသားလေးဦး ဒီနေ့ အောက်တိုဘာ(၇)ရက်မှာ မန္တလေးအိုးဘို အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီလို့ နီးစပ်သူတွေက ပြောပါတယ်။
ကိုစောဥက္ကာမင်း (နိုင်ငံခြားဘာသာ တက္ကသိုလ်-မန္တလေး)၊ ကိုမင်းညီညီကွန်း (ရတနာပုံ တက္ကသိုလ်)၊ ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင်တို့ကို ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွက် စစ်အုပ်စုက ဖမ်းဆီးထောင်ချခဲ့ပြီးနောက် လွတ်ရက်စေ့လို့ ဒိနေ့ ပြန်လည် လွတ်မြောက်လာတာလို့ ဆိုပါတယ်။
“သူတို့ကို တစ်နှစ်နဲ့ ကိုးလ ပြစ်ဒဏ်ချတာ ရက်စေ့လို့ ပြန်လွတ်လာတာပါ၊ အသေးစိတ်တော့ သေချာ မသိရသေးပါဘူး “ လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ(၄)ရက်က မန္တလေးမြို့ ဆေးတက္ကသိုလ်ရှေ့မှာ အာဏာသိမ်း စစ်အစိုးရ အလိုမရှိကြောင်း ဒေါက်တာတေဇာစန်း အပါအဝင် ကျောင်းသားလူငယ်တွေ ပထမဆုံး ဆန္ဒပြရာ အရပ်ဝတ်နဲ့ စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးလို့ အထက်ပါ ကျောင်းသားလေးဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ကျောင်းသားလေးဦးကို စစ်အုပ်စုက ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉)နဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)တို့နဲ့ တရားစွဲကာ အိုးဘိုထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် တစ်နှစ်နဲ့ ကိုးလ ထောင်ချခဲ့တာ ဖြစ်ပြီး ဒီနေ့ ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး သတ်-ဖြတ် ထောင်ချနေပြီး တချို့ကို ပြန်လွှတ်ပေပေမယ့် တချို့ကိုတော့ ရက်စေ့လို့ ထောင်က လွတ်ခါနီးချိန်မှာ တခြားသော ပုဒ်မတွေနဲ့ ထပ်တိုး တရားစွဲတာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံ ရှေ့နေ အသိုင်းအဝိုင်းက ဆိုပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြမှုအဖြစ် ၂၀၂၀ ဖေဖေါ်ဝါရီ(၄)ရက်က မန္တလေး ဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာစန်း အပါအဝင် ကျောင်းသား လူငယ်တွေ ဆန္ဒပြနေစဉ်/Photo - MFP
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောင်းသား #မန္တလေးဆေးတက္ကသိုလ် #သပိတ် #ဆန္ဒပြ
စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း မန္တလေးမှာ ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြလို့ ထောင်ချခံရတဲ့ ကျောင်းသား လေးဦး ရက်စေ့လို့ ပြန်လွတ်လာ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024