ပြောက်ကျားအဖွဲ့ကနေ တပ်ရင်း သုံးရင်းစာအထိ အင်အားတိုးပွားလာလို့ ကျားသစ်နက် တပ်မတော် Blackleopard Army ( B. L. P. A ) အဖြစ် ရပ်တည်မယ်လို့ အသိပေး၊

ပြောက်ကျားအဖွဲ့ကနေ တပ်ရင်း သုံးရင်းစာအထိ အင်အားတိုးပွားလာလို့ ကျားသစ်နက် တပ်မတော် Blackleopard Army ( B. L. P. A ) အဖြစ် ရပ်တည်မယ်လို့ အသိပေး၊

MFP ၊ စက်တင်ဘာ - ၂၈

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းက မြိုင်နှင့် ပုလဲမြို့နယ်တွေမှာ အခြေပြု လှုပ်ရှားနေတဲ့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် အင်အားတွေ တိုးပွားလာတဲ့အတွက် ပြောက်ကျားတပ်ဖွဲ့မှသည် ကျားသစ်နက် တပ်မတော် Blackleopard Army ( B. L. P. A ) အဖြစ် အမည်ပြောင်းလဲ ရပ်တည်တော့မှာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ပါတယ်။

တော်လှန်ရေး စတင်ချိန်က ပြောက်ကျားတပ်ဖွဲ့အဖြစ် ရပ်တည်ခဲ့တဲ့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ဟာ လက်ရှိမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အသိမှတ်ပြု စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁၁)၊ ပုလဲမြို့နယ် PDF တပ်ရင်း(၅)အဖြစ် NUG ကာကွယ်ရေး ဝန်ကြီးဌာန (MOD)ရဲ့ တိုက်ရိုက် အမိန့်ပေး စနစ်အောက်မှာ တရားဝင် ရပ်တည်နေပြီ ဖြစ်ကြောင်း၊ တိုးပွားလာတဲ့ စစ်သည်အင်အားအရ တပ်ရင်း သုံးရင်းစာ ရှိလာပြီ ဖြစ်လို့ ပခုက္ကူခရိုင် တပ်ရင်း တစ်ခုအဖြစ် ထပ်မံ ခွင့်ပြု ချထားပေးဖို့လည်း NUG ထံ တင်ပြ တောင်းခံထားတယ်လို့ ဆိုပါတယ်။

“တစတစ တိုးပွားလာသော ရဲရင့်သည့်စစ်သည် အင်အားဖြင့် တပ်ရင်း သုံးရင်းစာ တပ်ဖွဲ့ဝင် အနေအထားကြောင့် ယခုအချိန်တွင် ပခုက္ကူခရိုင်တပ်ရင်း တစ်ခု တင်ပြတောင်းခံပြီး ခေတ်မှီ တပ်မတော် တစ်ခုအဖြစ် စည်းကမ်းကျနစွာ တည်ထောင်လျှက်ရှိပါသည်။ တော်လှန်ရေး ကနဦးကာလအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရင်ဆိုင်ရာ၌ ပြောက်ကျားစနစ်ဖြင့် အလစ်ဝင်ရောက် စီးနင်းတိုက်ခိုက်ရသည့် အချိန်များရှိခဲ့ပေမယ့် ယခုအခါတွင်တော့ စစ်ကောင်စီတပ်ဖွဲ့များအား ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည်မှာလည်း မိဘပြည်သူများ သိရှိမည်ဟု ယူဆမိပါသည်။ ယခုတော်လှန်ရေးတွင် သာမကပဲ အနာဂတ် တိုင်းပြည် ထူထောင်ရာတွင်လည်း ကျားသစ်နက်တပ်ဖွဲ့အနေဖြင့် ရဲရင့်သော စစ်သည်များကို စည်းကမ်းကျနပြီး မိဘပြည်သူများအပေါ် အလုပ်အကြွေးပြုမည်ဟုလည်း ကတိကဝတ်ပြုပါသည်။ ထို့ကြောင့် ကျနော်များ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ အမည်မှသည် ကျားသစ်နက်တပ်မတော် Blackleopard Army ( B. L. P. A ) ဟု တရားဝင် အမည်ပြောင်းလဲ သုံးစွဲတော့မည် ဖြစ်ပါကြောင်း မိဘပြည်သူများထံ အပ်နှံခြင်း နှင့် သတင်းမီဒီယာအပေါင်းအား ကြေငြာအပ်ပါသည် ခများ” လို့ ကျားသစ်နက်တပ်မတော် Blackleopard Army ( B. L. P. A ) က ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး အသက်ပေး တိုက်ပွဲဝင်မယ့် တော်လှန်ရေး ရဲဘော်တွေ အင်အားတိုးတက် များပြားလာပေမယ့် လက်နက်ခဲယမ်း လိုအပ်ချက် ရှိနေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ကျားသစ်နက်တပ်မတော် Blackleopard Army ( B. L. P. A ) တပ်ဖွဲ့ဝင် ရဲဘော်များ (ပုံဟောင်း)/Photo – ကျားသစ်နက်

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပုလဲ #မြိုင် #ကျားသစ်နက် #BLPA #BlackleopardArmy

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ