နွေဦးတော်လှန်ရေးကို ထောက်ကူရင်း ရင်းနှီးမြုပ်နှံနိုင်ဖို့ မန္တလေး နန်းတွင်းက မြေတွေကို အကွက်ရိုက် လေလံ ပစ်မယ်လို့ NUG ကြေညာ၊

နွေဦးတော်လှန်ရေးကို ထောက်ကူရင်း ရင်းနှီးမြုပ်နှံနိုင်ဖို့ မန္တလေး နန်းတွင်းက မြေတွေကို အကွက်ရိုက် လေလံ ပစ်မယ်လို့ NUG ကြေညာ၊

MFP ၊ စက်တင်ဘာ - ၁၇

နွေဦးတော်လှန်ရေးကို ထောက်ပံ့ကူညီရင်း စီးပွားရေးအရ ရင်းနှီးမြုပ်နှံလိုသူတွေအတွက် မန္တလေး နန်းမြို့ရိုးအတွင်းက စစ်အုပ်စု သိမ်းပိုက်ထားတဲ့ မြေနေရာကို အကွက်ရိုက်ပြီး လေလံတင် ရောင်းချပေးမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ကြေညာပါတယ်။

လက်ရှိမှာ စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အဖြစ် သိမ်းပိုက်ထားတဲ့ မန္တလေး နန်းတွင်းက မြေနေရာတွေကို NUG ရဲ့ အာဏာရှင် အဆုံးသတ်နိဂုံး(EOD) စီမံကိန်းရဲ့ နောက်ထပ်အစီအစဉ်အဖြစ် ပြည်သူတွေကို လေလံပစ်ရောင်းချပေးမယ်လို့ EOD က ထုတ်ပြန်ပါတယ်။

“ တော်ဝင်အထက်တန်းလွှာဆိုသူတွေ စံမြန်းရာ၊ ကိုလိုနီနယ်ချဲ့တွေ စိုးစံရာ၊ စစ်အာဏာရှင်တွေ လွှမ်းမိုးရာ ဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက် ပြည်သူနဲ့ အလှမ်းဝေးခဲ့တဲ့ နေရာကို ပြည်သူတွေ ပြန်ယူဖို့ အချိန်ရောက်လာပါပြီ။ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဆိုတာ တော်လှန်ပြည်သူတွေ ကိုယ်တိုင် ပါဝင်မှ ရမှာပါ။ ကိုယ်နဲ့သက်ဆိုင်တဲ့မြေဟာ ကိုယ့်မြေ၊ ကိုယ့်မြေကို ကိုယ်တိုင်ပဲ ပြန်ယူကြရအောင်ပါ “ လို့ အာဏာရှင်အဆုံးသတ်နိဂုံး(EOD)ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။

စိတ်ဝိဉာဉ်ပေါ့ပါးစွာ ကွန့်မြူးနိုင်ဖို့ အနုပညာခန်းမဆောင်တွေ၊ ယဉ်ကျေးမှုပြတိုက်၊ ပြည်ထောင်စုတိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာ ဂီတ၊ အကတွေနဲ့ သမိုင်းအဆက်ဆက်က ခေတ်အလိုက် အကအလှတွေ၊ မိသားစုနဲ့ မိတ်ဆွေတွေ တွေ့ဆုံအပန်းဖြေ နားနေနိုင်တဲ့ နေရာတွေ ထားရှိမှာဖြစ်ပြီး အနုသုခုမဇုံ၊ အပန်းဖြေဇုံ၊ သမိုင်းလေ့လာရေးဇုံ စသဖြင့် ပိုင်းခြားပြီး အကောင်အထည် ဖော်သွားဖို့ စိတ်ကူးထားတယ်လို့လည်း ပြည်သူကို အသိပေးထားပါတယ်။

ရန်ကုန်မြို့မှာလည်း လုပ်ဆောင်နေတဲ့ Spring Yangon အဖြစ် မင်းအောင်လှိုင်ရဲ့ နေအိမ်အပါအဝင် စစ်အာဏာရှင်တွေ သိမ်းပိုက်ထားတဲ့ မြေနေရာတွေကိုလည်း EOD အစီအစဉ်နဲ့ ရောင်းချနေပြီး အခုနောက်ဆုံး ပြုလုပ်တဲ့ နွေဦးရိပ်မွန် အိမ်ရာရဲ့ မြေကွက် (၁၀၀) အနက် (၁၂) ကွက်သာ ကျန်တဲ့အထိ ရောင်းချထားရတယ်လို့ EOD က ထုတ်ပြန်ထားပါတယ်။

NUG က အကွက်ရိုက်ပြီး လေလံတင် ရောင်းချမယ့် မန္တလေးနန်းမြို့တွင်းကို တွေ့ရစဉ်/Photo – Wiki

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးနန်းတွင်း #EOD #NUG #SpringMandalayInvestment

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ