MFP ၊ သြဂုတ် - ၂၈
မကွေးတိုင်း၊ ယောနယ်၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း လက်ပန်ရွာအနီးမှာ မနေ့က တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားပြီး စကစ နှစ်ယောက် သေသလို စစ်အုပ်စုကလည်း ဒေသခံ ပြည်သူ နှစ်ဦးကို သ-တ်-ဖြတ်ပြီး နေအိမ်တွေနှင့် နှမ်းတွေ မီးရှို့ ဖျက်ဆီးသွားတယ်လို့ ယောဒေသ ကာကွယ်ရေးတပ် - YDF က သတင်း ထုတ်ပြန်ပါတယ်။
သြဂုတ်(၂၇)ရက် မနေ့က ဂန့်ဂေါနယ် လက်ပန်ရွာဘက် ဝင်မွှေသောင်းကျန်းတဲ့ အင်အား (၂၀)ကျော်ပါ စစ်အုပ်စုနှင့် YDF တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း လက်ပန်ကြိုးတံတားပေါ်မှာ စနိုက်ပါကျည်ထိ သေတဲ့ စကစ အလောင်းနှစ်လောင်းကို လာကောက်သူ မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။
“လက်ပန်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား(၂၀)ကျော်ရှိတဲ့ စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းကို YDF တပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်မှ တစ်ယောက် လက်ပန်ကြိုးတံတား ပေါ်မှာ သေဆုံး သွားပါတယ်။ သိပ်မကြာခင်မှာပဲ အဲဒီအလောင်းကို လာကောက်တဲ့ နောက်ထပ် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ယောက်ကိုပါ စနိုက်ပါနဲ့ ထပ်မံ ပစ်ချခဲ့တဲ့အတွက် အလောင်းနှစ်ခုလုံးက တံတားပေါ်မှာပဲ ရှိနေပြီး လက်ရှိအချိန်ထိ ဘယ်သူမှ အလောင်းလာမကောက်ရဲကြတော့ဘူး” လို့ YDF က ဖော်ပြပါတယ်။
လက်ပန်ရွာဟာ မြစ်သာမြစ် အရှေ့ဘက်ကမ်းမှာရှိပြီး စစ်အုပ်စုဟာ မြစ်သာမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ မောက်သာရွာကနေ လက်ပန်ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လက်ပန်ရွာ စာသင်ကျောင်းနဲ့ ဆေးရုံအနား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
မောက်သာရွာဟာ အိမ်ခြေ(၈၀၀)ဝန်းကျင်ရှိတဲ့ ရွာကြီးဖြစ်ပြီး ဒီနေ့ မနက်ပိုင်း စစ်အုပ်စု ရွာထဲက ထွက်သွားလို့ ဝင်ရောက်စစ်ဆေး ကြည့်ရှု့ရာမှာ မောက်သာရွာသား နှစ်ဦး အသ-တ်ခံထားရသလို နေအိမ်(၂၄)လုံးနှင့် နှမ်းတင်းရေ (၃၀၀၀)ခန့်လည်း မီးရှို့ဖျက်ဆီးခံထားရတာ တွေ့ရတယ်လို့ YDF က ဖော်ပြပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် လက်ပန်ရွာ နဲ့ မောက်သာရွာ အပါအဝင် ကျေးရွာ ငါးရွာက ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေက စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဂန့်ဂေါနယ် အပါအဝင် မကွေးနှင့် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသ-တ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဂန့်ဂေါမြို့နယ် ကုန်းရွာကို စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးသွားစဉ်/Photo - YDF
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ဂန့်ဂေါ #လက်ပန်ရွာ #မောက်ရွာ #YDF #တိုက်ပွဲ